Friday, October 31, 2008

၈၈ ခေါင်းဆောင်များကို မအူပင်ထောင်သို့ ပြောင်းရွှေ့

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ဦးအား ယနေ့ နံနက်တွင် အင်းစိန်ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဥာဏ်လင်း၊ ကိုပြုံးချို (ခ) ကိုဌေးဝင်းအောင်၊ ကိုအောင်သူနှင့် ကိုအောင်နိုင်တို့ ယနေ့နံနက် ၇ နာရီခန့်က ဧရာဝတီတိုင်းရှိ မအူပင်ထောင်သို့ ပို့လိုက်ခြင်း ဖြစ်သည်။

ဒီမနက် ၇ နာရီကျော်ကျော်လောက်မှာ ထွက်သွားတယ်။ မအူပင်ထောင်ကို ပို့လိုက်တယ် ပြောတယ်။ မိသားစုတွေကလည်း မေးတော့ ထောင်တာဝန်ရှိသူက မအူပင်ကို စုံစမ်းပေးတယ်လေ။ သူတို့ကို အဲဒီထောင်ကို ထုတ်တာ သေချာသွားပြီပေါ့" ဟု ကိုအောင်နိုင်၏ မိသားစုဝင်တဦးက ပြောသည်။

သူက "သူတို့ကို ထောင်ဝတ်စုံ အပြာတွေနဲ့ လက်ထိပ်ရော ခတ်ထားတယ်။ ထောင်ကားနဲ့ တင်သွားတယ်။ အနောက်မှာလည်း ရဲကားတွေ ပါတယ်။ သူတို့ ထုတ်သွားတဲ့ ပုံစံက ထူးထူးဆန်းဆန်းပေါ့နော်။ စုံစမ်းကြည့်တော့ သူတို့ အုပ်စု ထုတ်သွားတယ်ဆိုတာ သိရတယ်လို့ ထောင်ထဲမှာ ရှိတဲ့ မျက်မြင်တွေက ပြောတယ်လေ" ဟု ဆက်ပြောသည်။

အင်းစိန် အကျဉ်းထောင်သို့ ဆက်သွယ်မေးမြန်းရာတွင် အမည်မဖော်လိုသူ အရာရှိတဦးက မအူပင်ထောင်သို့ ပြောင်းရွှေ့ခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုသော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။

ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက "ရှေ့နေ ဦးအောင်သိန်းက ဒီမနက်ပဲ ဖုန်းဆက်ပြောတယ်။ သေချာပါတယ်။ ထောင်ပြောင်းလိုက်တာ။ ကျနော်တို့က ရုံးထုတ်တာကိုတောင် မစဉ်းစားတော့ဘူး။ ဘာဖြစ်မယ် ဆိုတာပဲ နားထောင်နေတော့တယ်" ဟု ပြောသည်။

ယခုလ ၂၉ ရက်နေ့က အင်းစိန်ထောင်တွင်းရှိ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် အမှုကြားနာနေစဉ် ကျောင်းသားခေါင်းဆောင် ၉ ဦးက တရားစီရင်မှုအား လွတ်လပ်မှုမရှိကြောင်း ဝေဖန်ပြောဆိုသဖြင့် ရုံးတော်အား မထီမဲ့မြင်ပြုမှု - ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်ပြီး ၂ ရက်အကြာတွင် ထောင်ပြောင်းရွှေ့မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မနက်ဖြန် ရုံးထုတ်ရက်တွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်ရန် စီစဉ်ထားသည်။

ကိုမင်းကိုနိုင်၏ မိသားစုဝင်တဦးက ယခုလို ထောင်ပြောင်းခြင်းကြောင့် စိုးရိမ်တကြီး စောင့်ကြည့်နေရသည်ဟု ဆိုသည်။

အလားတူ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သဖြင့် ဖမ်းဆီးအကျဉ်းကျခံနေရသူ အန်အယ်ဒီလူငယ် ကိုသော်ဇင်မင်း၊ ကိုဝေလွင်မျိုးနှင့် သံဃာတော် ဦးစန္ဒိမာ (ခေါ်) အပုလေး ဆိုသူတို့သည် အင်းစိန်ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေသည်ဟု သိရသည်။

ယခုလ ၂၇ ရက်နေ့က ကိုဝေလွင်မျိုး၏ မိခင်ဖြစ်သူမှ ထောင်ဝင်စာ ပို့သည်ကို လက်မခံကြောင်းနှင့် ထောင် အစားအစာများကိုလည်း စားသောက်ခြင်း မပြုကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

"ကိုဝေလွင်မျိုးရဲ့ မိခင်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သွားတာ။ ထောင်ဝင်စာလည်း ပေးမတွေ့ဘူး။ ထောင်ပါဆယ်လည်း လက်မခံဘူး။ အစားအသောက် ပါဆယ် လက်မခံဘူး" ဟု သူက ပြောသည်။

သူတို့သည် နိုင်ငံရေး အကျဉ်းသားများ၏ လုံခြုံရေးနှင့် ရာဇ၀တ်အကျဉ်းသားမှ မတရား အတင်းအဓမ္မ ခိုင်းစေမှု၊ ရိုက်နှက်မှုများ မပြုလုပ်ရန်အတွက် ထောင်အာဏာပိုင်များထံ တောင်းဆိုထားသည်ဟု ဆိုသည်။

0 Comments:

blogger templates | Make Money Online