Tuesday, October 21, 2008

Flower သတင်းထောက်ချုပ် ကိုစောမြင့်သန်း ပြန်လွတ်မြောက်လာ

သင်္ကန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှု သတင်းဖော်ပြခဲ့၍ ၁ လကျော်ကြာ ဖမ်းဆီးခံခဲ့ရသူ ဖလားဝါးဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းသည် ခံဝန်ချက်ဖြင့် ယမန်နေ့ညနေက ပြန်လွတ်လာသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲမှူးခင်မောင်အေးက အပတ်စဉ်ထုတ် သတင်းဂျာနယ်မှ ကိုစောမြင့်သန်းအပေါ် စွဲဆိုထားသော အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် တရားစွဲဆိုသည့် အမှုအား ရုပ်သိမ်းလိုက်သည့်အတွက် လွတ်မြောက်လာခြင်း ဖြစ်သည်။

"တရားလိုဘက်က အမှု ပြန်ရုပ်သိမ်းပေးလိုက်တော့ လွတ်သွားတယ်။ မနေ့က ညနေ ၃ နာရီခွဲလောက်မှာ ရုံးကို ပို့ပေးလိုက်တယ်။ အမှုက တခုထဲနဲ့ စွဲခဲ့တာ။ ဆက်သွယ်ရေး နည်းဥပဒေနဲ့ပဲ" ဟု အမည်မဖော်လိုသူ အပတ်စဉ် သတင်းဂျာနယ်တိုက်မှ အယ်ဒီတာတဦးက ပြောသည်။
သို့သော် ကိုစောမြင့်သန်း လွတ်မြောက်လာချိန်တွင် အာဏာပိုင်များထံတွင် အလားတူအဖြစ်မျိုး မပေါ်ပေါက်စေရပါဟု ခံဝန်ချက် လက်မှတ်ရေးထိုးခဲ့ရသည်ဟု ဂျာနယ်တိုက်နှင့် နီးစပ်သူ သတင်းသမားတယောက်ကလည်း ပြောသည်။
သူက "နောက်နောင် ဒီလို မလုပ်ဘူး။ မဖြစ်အောင် နေပါ့မယ်လို့ လက်မှတ်ထိုးလာရတယ်" ဟု ပြောသည်။
သို့သော် အာဏာပိုင်များအနေဖြင့် ကြိုက်နှစ်သက်မှု မရှိသော ရေးသားခြင်းနှင့် ပတ်သက်၍ သဲသဲကွဲကွဲ ရှင်းလင်းပြောပြခြင်း မရှိခဲ့ပေ။
ကျောက်တံတား ရဲစခန်းတွင် ကိုစောမြင့်သန်းကို အမှုစတင် ဖွင့်ခဲ့စဉ်က ပြည်ပ တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုနှင့် အင်တာနက် အသုံးပြုမှုဆိုင်ရာ ဥပဒေတို့ဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။ နောက်ပိုင်းတွင် စွဲဆိုချက်များ တခုပြီးတခု ရုပ်သိမ်းပေးခဲ့သည်။
ကိုစောမြင့်သန်းသည် Flower သတင်းဂျာနယ်တွင် မူလတာဝန်ကို ထမ်းဆောင်သွားဖွယ် ရှိသည်။
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားသော ၂ လောင်းပြိုင် သတင်းကို ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်ဟု ဆိုကာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ကိုစောမြင့်သန်းအား ခေါ်ယူစစ်ဆေး ကြိမ်းမောင်းခဲ့သည့်သတင်း ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာန၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ပြီးနောက် ရဲက ကိုစောမြင့်သန်းကို ဖမ်းဆီးခဲ့သည်။
ကိုစောမြင့်သန်းသည် ဧရာဝတီ သတင်းဌာနနှင့် ဆက်သွယ်ခဲ့သည်ဟုလည်း ရဲက စွပ်စွဲခဲ့သည်။ သို့သော် ကာယကံရှင်နှင့်တကွ ဧရာဝတီ သတင်းဌာနတို့က ရဲ၏ စွပ်စွဲချက်ကို ယတိပြတ် ငြင်းဆိုခဲ့သည်။

0 Comments:

blogger templates | Make Money Online