Monday, October 27, 2008

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ လုံခြုံရေးများ လျှော့ချ


နေအိမ်အကျယ်ချုပ် ကျခံနေရသော ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို မြန်မာစစ်အစိုးရက တနင်္ဂနွေနေ့ကတည်းက ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း သူမ၏ ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စစ်အစိုးရသည် တက္ကသိုလ်ရိပ်သာလမ်းရှိ အတားအဆီးများကို ဖယ်ရှားလိုက်ပြီး အစောင့်ချထားသော စစ်သားများကိုလည်း ရုပ်သိမ်းလိုက်ပြီဟု ပြောသည်။

"ကျနော်တို့ တွေ့ရသလောက်ကတော့ အဲဒီမှာ အတားအဆီးတွေ ဘာမှ မရှိတော့ဘူး။ ယူနီဖောင်းဝတ်တဲ့ လုံခြုံရေးတွေလည်း မတွေ့ရတော့ဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော်လည်း အရပ်ဝတ် လုံခြုံရေးဝန်ထမ်း ၃ ဦးသည် ဒေါ်စုနေအိမ်ရှေ့တွင် စောင့်ဆိုင်းနေသည်ကို တွေ့ခဲ့ရကြောင်း သူက ထပ်ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလတွင် ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည်။ ပုံမှန်အားဖြင့် တက္ကသိုလ်ရိပ်သာလမ်းတွင် သံဆူးကြိုး အကာအရံများဖြင့် ပိတ်ဆို့ထားပြီး အနည်းဆုံး စစ်သား ၁၀ ဦးခန့် စောင့်ကြပ်ခဲ့ကြသည်။

"အခုတော့ ကားတွေရော၊ လူတွေရော ဖြတ်လို့ရနေပါပြီ" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သို့သော်လည်း မည်သည့်အကြောင်းကြောင့် ရုတ်ချည်းပြောင်းလဲမှု ဖြစ်ပွားခဲ့ခြင်းအပေါ် ကောက်ချက်ချရန် ဦးဥာဏ်ဝင်းက ငြင်းဆန်သွားသည်။

"ဘာကြောင့်လဲတော့ ကျနော်လည်း မပြောလိုတော့ပါဘူး" ဟု သူက ပြောသည်။

ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေမှ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်ကတော့ အာဆီယံ-ဥရောပ အစည်းအဝေးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရထံ ဖိအားပေးမှုများ တကျော့ပြန်ရှိနေမှုနှင့် ဆက်နွယ်နိုင်သည်ဟု ပြောကြားလိုက်သည်။

အာဆီယံနှင့် ဥရောပ ခေါင်းဆောင်များသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ၇ ကြိမ်မြောက် ASEM ထိပ်သီး အစည်းအဝေးကို လွန်ခဲ့သည့် စနေနေ့က ကျင်းပခဲ့သည်။ အစည်းအဝေးက သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတရပ် ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအပေါ်တွင် တားမြစ် ချုပ်ချယ်ထားမှုများ ရုပ်သိမ်းရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်။

ဦးညိုအုံးမြင့်က မြန်မာစစ်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး တရုတ်က အားမလိုအားမရ ဖြစ်နေခြင်း၏ အကျိုးဆက်ကြောင့် ASEM တောင်းဆိုချက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"မြန်မာစစ်အစိုးရဟာ ဒါကို (ASEM တောင်းဆိုချက်) အလေးအနက် ထားပုံရတယ်" ဟု သူက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ချောင်ပိတ်မိနေသည်ဟု သူက ထင်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်ချုပ်ချယ်ထားတာတွေ လျှော့ချတာနဲ့ စစ်အစိုးရက စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ချင်တယ်လို့တော့ ပြောလို့ မရဘူး"

ကတိက၀တ်များ ချိုးဖောက်ခဲ့ဖူးသော ရာဇ၀င်ရှိသည့်အတွက် စစ်အစိုးရကို ယုံကြည်၍ မရကြောင်း သူက ပြောသည်။

0 Comments:

blogger templates | Make Money Online