Wednesday, October 29, 2008

ရန်ကုန်ရှိ ထောက်လှမ်းရေးပိုင် တိုက်ခန်းများ လေလံတင်ရောင်းချ

နိုင်ငံပိုင်အဖြစ်သိမ်းဆည်းထားသည့် ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်နှင့် ၄င်း၏အဆက်အနွှယ်များ ပိုင်ဆိုင်သည့် တိုက်ခန်းများ အပါအ၀င် တိုက်ခန်း (၅၀)ကျော်ကို စစ်အစိုးရက ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်) သတင်းရပ်ကွက်မှ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီက တိုက်ခန်းများကို ပြန်ရောင်းချနေခြင်းဖြစ်ပြီး ရောင်းချသည့် တိုက်ခန်း(၅၂)ခန်း အနက် ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွှန့်ပိုင် တိုက်ခန်း (၁)ခန်း၊ ၎င်း၏သား ရဲနိုင်ဝင်း၏တိုက်ခန်း (၁)ခန်း၊ ၎င်း၏ ကိုယ်ရေး အရာရှိ နိုင်ဌေး၏ တိုက်ခန်း (၁၃) ခန်းနှင့် ၎င်း၏သားမက်ပိုင် တိုက်ခန်း(၆)ခန်းတို့ပါဝင်သည်ဟု အိုးအိမ်ဌာနနှင့် နီးစပ် သူတဦးကပြောသည်။

တိုက်ခန်းဝယ်ယူလိုသူတို့အနေဖြင့် ရန်ကုန်ရှိ အိုးအိမ်ဦးစီးဌာနသို့ အောက်တိုဘာလ (၃၁) ရက်နေ့နောက်ဆုံး ထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူတို့အနေဖြင့် တိုက်ခန်းတန်ဖိုးအပြင် အခွန်ငွေ (၁၅) ရာခိုင်နှုန်းကိုပါ တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး တိုက်ခန်းလွှဲပြောင်းလက်ခံခြင်းနှင့် လူနေ ထိုင် ခွင့်ကိစ္စကို သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိုးအိမ်ဌာနက ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို ၂၀၀၄ အောက်တိုဘာ (၁၉)ရက်တွင် နအဖ စစ်အစိုးရက ကျန်းမာရေး အ ကြောင်း ပြချက်ဖြင့် ၀န်ကြီးချုပ် တာဝန်မှအနားပေးလိုက်ပြီး ၂၀၀၅ ဇူလိုင်တွင် အဂတိလိုက်စားမှု အပါအ၀င် စွဲချ က် (၈)ခုဖြင့် တရားစွဲဆိုကာ ဆိုင်းငံ့ ထောင်ဒဏ် (၄၄)နှစ် ချမှတ်ခဲ့သည်။ သို့သော် ၎င်း၏အဂတိလိုက် စားမှုများနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန် ယခုအချိန်အထိ စစ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်(၃၀၀)ကျော်ကိုလည်း စီးပွားရေး မသမာမှု၊ လာဘ်စားမှုများဖြင့် ထိုစဉ်က ဖမ်းဆီးအရေးယူခဲ့ပြီး အချို့ကို ထောင်ဒဏ်နှစ် (၁၀၀) ကျော် အထိချ မှတ်ခဲ့သော်လည်း အဆိုပါ လာဘ်စားမှုများကို အများပြည်သူသိအောင် စစ်အစိုးရမှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းဆည်းထားသောတိုက်ခန်းများအား ပြန်ရောင်းချနေသည့်နည်းတူ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကလည်း နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ကားအစီး (၁၀၀) ကျော်ကို တောင်ငူမြို့၌ လေလံတင်ရောင်းချခဲ့ပြီး ရန်ကုန်၌လည်း ထပ်မံရောင်းချရန်စီစဉ်နေကြောင်း စုံစမ်းသိရသည်။

ခေတ်ပြိုင်သတင်းဌာနမှ ကိုးကားတင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online