Monday, October 13, 2008

ဗန်းမော်က ကလေးငယ် နှစ်ဦး မီးလောင် သေဆုံး

ကချင်ပြည်နယ် ဗန်းမော်မြို့ ညောင်ပင်ရပ် ရပ်ကွက်အတွင်းရှိ နေအိမ်တလုံး ယမန်နေ့ည ၈ နာရီခန့်က မီးစွဲလောင်ရာ ကလေးငယ် ၂ ဦး သေဆုံးခဲ့သည်။
အသက် ၉ နှစ်၊ ၄ နှစ်နှင့် ၂ နှစ်သားအရွယ် ကလေးငယ် ညီအကို ၃ ဦးသာ နေထိုင်သည့် ထရံကာအဆိုပါ နေအိမ်တွင် ဖရောင်းတိုင်မီးမှ စတင်လောင်ကျွမ်းသဖြင့် ခြင်ထောင်အတွင်း အိပ်ပျော်နေစဉ် ကလေးငယ်များ သေဆုံးခဲ့ခြင်း ဖြစ်သည်။

"မီးလောင်သွားတာ။ အဲဒီထရံကာအိမ်လေး တအိမ်ထဲပဲ။ မူးယစ်ဆေးဝါး အမှုနဲ့ ကလေးအမေက ထောင်ကျသွားတာ။ တပတ်လောက်ပဲ ရှိသေးတယ်။ အဖေကလည်း အဲဒီအမှုနဲ့ပဲ ဝရမ်းပြေးနေရတာ။ တအိမ်လုံး ကလေး ၃ ယောက်ပဲ နေတယ်။ မီးလောင်တော့ ဖရောင်းတိုင်ကနေ မီးစလောင်တာ" ဟု ဗန်းမော် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး "ကလေး အကြီးဆုံးကတော့ ထွက်ပြေးခဲ့တာပေါ့။ ရပ်ကွက်က ကလေးတွေအထဲမှာ ရှိမှန်းလည်း မသိဘူး။ မီးပဲ အာရုံစိုက်ပြီး ငြှိမ်းကြတာ။ ကလေးတွေ အထဲမှာရှိမှန်း သိတဲ့အချိန်ကျတော့ မီးက အရမ်းကြီးနေပြီ။ ဝင်လို့ မရတော့ဘူး။ အဲဒီမှာ ပိတ်မိပြီး သေသွားတာ" ဟု ပြောသည်။
ည ၉ နာရီခန့်တွင် အရပ်သားများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ခံရသဖြင့် သေဆုံးခဲ့သော ကလေး ၂ ဦး၏ ရုပ်အလောင်းကိုမူ ဗန်းမော်ဆေးရုံသို့ ပို့ပေးခဲ့ကြသည်။
မီးဘေးသင့်ခံရသည့် မိသားစုမှာ တရုတ်လူမျိုးများ ဖြစ်သဖြင့် ဗန်းမော် တရုတ်ဘုံကျောင်းမှ သေဆုံးသူ ကလေး ၂ ဦး ဈာပနကိစ္စအတွက် တာဝန်ယူသွားမည် ဖြစ်သည်။
ဗန်းမော်မြို့တွင် လျှပ်စစ်မီး မရသည်မှာ ၃ လကျော်သွားပြီ ဖြစ်သည်။

မဇ္ဇိမသတင်းဌာနမှ ထုတ်နှုတ်တင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online