Friday, October 17, 2008

ရခိုင်ပြည်နယ် မြို့တော်မှာ လုံခြုံရေး ထူထပ်

ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ အာဏာပိုင်များက ယနေ့တွင် တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားသည်။
မြို့တွင်း ဘုန်းကြီးကျောင်းများ၊ လောကနန္ဒာဘုရား၊ လ္ဘက်ရည်ဆိုင်များ၊ ဦးဥတ္တမပန်းခြံ၊ မိဇံပန်းခြံနှင့် လူစည်ကားရာ နေရာတိုင်းတွင် စစ်ကားများနှင့်အတူ ယူနီဖောင်းဝတ် ရဲတပ်သားများ ချထားခြင်း ဖြစ်သည်။
"ဘုရားကြီးမှာ ချထားတယ်။ သူတို့ ပြောတာက လူကြီး ရောက်မယ်ဆိုပြီး အကြောင်းပြတာပါပဲ။ ပြောတာပဲလေ။ တနေရာမှာ အနည်းဆုံး ၅ ယောက် တတွဲပေါ့နော်။ အရေးကြီးနေရာမှာဆို အရာရှိ တပွင့် နှစ်ပွင့်တွေတောင် ပါတယ်။ တမြို့လုံးဆို ၄၀၀ လောက်ရှိမယ်'' ဟု ဒေသခံတဦးက ပြောသည်။

အခြားဒေသခံများကလည်း ယခုသတင်းကို အတည်ပြု ပြောဆိုသော်လည်း မည်သည့်အတွက်ကြောင့် ယခုလို လုံခြုံရေး တိုးမြှင့်ရသည်ကိုမူ အတိအကျ မသိကြပေ။
ယခင် နှစ်များတွင် သံဃာတော်များအနေဖြင့် မိမိနှင့် ရင်းနှီးသည့် ဒကာတော်များကို ခေါ်ဆောင်ကာ ဆွမ်းဆန်စိမ်း ကပ်လှူပွဲသို့ သွားလေ့ရှိသော်လည်း ယမန်နေ့က ကျရောက်သည့် သီတင်းကျွတ်ပွဲတော် အခါသမယ၌မူ အာဏာပိုင်များ၏ အစီအစဉ်အတိုင်း သံဃာတပါးလျှင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ၂ ဦးစီကို လိုက်ပါခိုင်းခဲ့ကြောင်း သူတို့က ဆိုသည်။
အလှူရှင်တဦးက "ဘုန်းကြီး အပါး ၄၈၀ ကျော်ကြွတယ်။ ကျမတို့တောင် လှူဖို့ ၅၀၀ ကုန်သွားတယ်။ ပြီးတော့လေ ဘုန်းကြီး တပါးကို ကျောင်းသား ၂ ယောက်က လိုက်တယ်။ ခါတိုင်းဆို ဘုန်းကြီးခေါ်ချင်တဲ့ ရင်းနှီးသူတွေ ခေါ်လို့ရတယ်လေ။ အခုတော့ တိုင်းမှူးက စီစဉ်တယ်တဲ့လေ။ အပြင်လူ မပါစေချင်လို့ ပြောတာပဲ" ဟု ပြောသည်။
ယမန်နေ့ နံနက် ၉ နာရီမှ စတင်ကာ ပြည်လုံးချမ်းသာ ဘုရားရှေ့ရှိ ၀င်္ကပါကွင်းကို သံဃာအပါး ၅၀၀ ခန့် ကြွရောက်လာကာ ကွင်းတပတ်ပတ်ကာ နံနက် ၁၁ နာရီခန့်တွင် ဆွမ်းလောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် သတင်းကျွတ်ပွဲတော်သည် စည်ကားမှု မရှိကြောင်း ဒေသခံတဦးက ယခုလို ပြောဆိုသည်။
သူက "မနှစ်က ဆန္ဒပြတာနဲ့ ဆွမ်းလောင်းပွဲ မရှိဘူး။ ဒီနှစ်လည်း ဇာတ်ပွဲတွေ မရှိဘူး။ ပွဲဈေး နည်းနည်းပဲ။ အအေး၊ အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်လောက်ပဲ ပွဲပြီးသွားတာပါ။ လူတွေကလည်း နေသားကျနေပါပြီရှင်" ဟု ပြောသည်။
ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်ဒီ ပါတီဝင်များ၏ နေအိမ်များ၊ သွားလာသည့် နေရာများသို့ အာဏာပိုင်များက လိုက်လံနှောင့်ယှက်မှုများ ပိုမို ပြုလုပ်လာသည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သိန်းအောင် သည် မိသားစုနှင့်အတူ စစ်တွေမြို့သို့ ရောက်ရှိနေချိန် စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှ တည်းခိုသည့် နေအိမ်သို့ လာရောက်ကာ စစ်ဆေးမေးမြန်းခဲ့သည်ဟု သူက ပြောသည်။
သူက "သူတို့က နိုင်ငံရေး လုပ်သေးလားဆိုတာတွေ စောင့်ကြည့်နေတာတွေ၊ သွားလေရာမှာ လိုက်ကြည့်တယ်။ အိမ်မှာနေရင်လည်း အိမ်ရှေ့မှာ လာပြီး စောင့်ကြည့်တယ်။ သူတို့က ကျနော့်ကို ရဲအုပ်ဘယ်သူ၊ စစ်သား ဘယ်နှစ်ယောက် ဆိုပြီးတော့ စောင့်ကြည့်ခိုင်းထားတဲ့ အနေအထား ရှိနေတယ်" ဟု ပြောသည်။
အလားတူ စစ်တွေမြို့မှ အန်အယ်ဒီ ပြည်နယ်စည်း အဖွဲ့ဝင် ဒေါ်ညိုအေးကလည်း မြို့နယ် ရဲတပ်ဖွဲ့များမှ မကြာခဏ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာသဖြင့် ရှောင်တိမ်းနေရသည်။
ထို့အပြင် တောင်ကုတ်နှင့် ဂွမြို့နယ်ရှိ အဖွဲ့ဝင်များကိုလည်း စောင့်ကြည့်မှုများ ရှိနေသည်။
"အန်ကယ်တို့က အချင်းချင်း တွေ့ဖို့ စည်းဝေး ဖိတ်တဲ့ အခါမျိုးတွေ။ သူတို့ဘက်က သွားစရာ မလိုပါဘူး၊ မသွားပါနဲ့ဆိုတာတွေ။ နောက် ဆိုင်ကယ် ငှားစီးတာအစ လိုက်ပို့တဲ့ ကောင်လေးတွေကို မင်းတို့ဘယ်ကို သွားပို့တာလဲ၊ အချိန်မတော် မသွားနဲ့၊ ဒီလိုတွေကို မင်းတို့ပို့ရင် ပြဿနာ ရှိနိုင်တယ်ပေါ့။ ဆိုက်ကားငှားစီးရင်လည်း အဲဒီလို ပြောတယ်" ဟု တောင်ကုတ်မြို့မှ ယာယီအတွင်းရေးမှူး ဦးစိုးလေးက ပြောသည်။
သူက ဆက်ပြီး "ကျနော်တို့က လူ့အခွင့်အရေး ဆုံးရှုံးတာပေါ့ဗျာ။ ကျနော် အဖွဲ့ဝင်တွေလည်း အားလုံးလိုလို သွားရလာရတာ မလွတ်လပ်ဖူးပေါ့နော်။ ကျနော်တို့မှာလည်းပဲ လုပ်စရာ ရှိတာတွေ ရှိနေတယ်လေ။ အဲဒီလို လုပ်နေရတဲ့ အပေါ်မှာ မလုပ်စေချင်လို့ တွေ့တာတွေကို မတွေ့နိုင်အောင်လို့ ဖိအားပေးနေတယ်၊ ဟန့်တားနေတယ်လို့ မြင်တယ်" ဟု ပြောသည်။

မဇ္ဇိမသတင်းဌာနမှတင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online