Friday, October 24, 2008

မြန်မာပြည်အရှေ့ပိုင်းတွင် အရပ်သား ၆၆ဝဝဝ အိုးအိမ်များ စွန့်ခွါ ထွက်ပြေးရ

စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာခြင်း၊ မြန်မာစစ်တပ်က ရွာသားများအား အတင်းအကျပ် ပြောင်းရွှေ့စေခြင်း အပါအဝင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြီးခဲ့သောနှစ်အတွင်း မိမိတို့ အိုးအိမ်များမှ စွန့်ခွါရသည့် အရပ်သား အနည်းဆုံး ၆၆ဝဝဝ ရှိသည်ဟု ရွှေ့ပြောင်းဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသော အဖွဲ့တခုက ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ထောက်ပံ့ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၁ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် “ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းအဖွဲ့” (Thai Burma Border Consortium – TBBC) က အစီရင်ခံစာတရပ် ထုတ်ပြန်ရာတွင် မြန်မာစစ်တပ်က တိုင်းရင်းသား လူနည်းစုများအပေါ် ထိုးစစ်များ ပိုမို ပြုလုပ်လာနေသဖြင့် ထောင်ပေါင်းများစွာသော အရပ်သားများ မိမိတို့ အိုးအိမ်များကို စွန့်ခွါ ထွက်ပြေးရခြင်း ဖြစ်သည်။

"စစ်အစိုးရ၏ သောင်းကျန်းမှု နှိမ်နင်းရေး အစီအစဉ်၏ အစိတ်အပိုင်းတခုအဖြစ် ကျေးရွာများကို အတင်းအကျပ်နေရာ ရွှေ့ပြောင်းပစ်သဖြင့် အရပ်သားများမှာ မိမိတို့နေအိမ်များကို စွန့်ခွါ ထွက်ပြေးကြရသည်။ ထို့ပြင် အရပ်သားများမှာ အဓမ္မလုပ်အားပေးစေခြင်း၊ ခြိမ်းခြောက် ငွေတောင်းယူခြင်းတို့ကို ခံရသည့်အပြင် သူတို့နေအိမ်များကိုလည်း အကြိမ်ပေါင်းများစွာ မီးတင်ရှို့ခြင်း ခံကြရသည်" ဟု TBBC ၏ ကယ်ဆယ်ရေး ညှိနှိုင်း ဆက်သွယ်ရေးမှူး တဦးဖြစ်သူ ဒန်ကင် မက်ကာသီ (Duncan McCarthy) က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းဒုက္ခသည်များမှာ အနည်းငယ်မျှသာရှိပြီး၊ အများစုမှာ မြန်မာနိုင်ငံအတွင်း၌ပင် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ (IDP) အဖြစ် မိမိတို့အိမ်ကို ပြန်နိုင်မည့် အချိန်ကို စောင့်ဆိုင်းနေကြရသည်ဟု မက်ကာသီက ပြောသည်။

"ပြီးခဲ့သည့် နှစ်တနှစ်တည်းအတွင်းတွင်ပင် လက်နက်ကိုင် ပဋိပက္ခများကြောင့်၎င်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်‚င်း၊ မိမိတို့ အိုးအိမ်များကို စွန့်ခွါ ထွက်ပြေးလာရသူပေါင်း ခန့်မှန်းခြေ ၆၆ဝဝဝ ဦးရှိသည်" ဟု TBBC က တနင်္လာနေ့က ထုတ်ပြန်ခဲ့သော သတင်းပြန်ချက်တွင် ၂ဝဝ၇ ဂျူလိုင်လမှ ၂ဝဝ၈ ဇွန်လအတွင်း အချိန်ကို ရည်ညွှန်း၍ ဖော်ပြထားသည်။

စစ်အစိုးရသည် စစ်ဆင်ရေးများအတွင်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး၊ ယင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြစ်သည်ဟု ဤအဖွဲ့ကြီးက စွပ်စွဲ ပြောဆိုထားသည်။

ကရင်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များ၏ စာရင်းကို ကောက်ယူလေ့လာနေသည့် “ကရင်ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် ကော်မတီ” (CIDKP) ကလည်း အလားတူပင် မြန်မာစစ်သားများသည် ယင်းတို့၏ စစ်ဆင်ရေးများအတွင်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုထားသည်။

"စစ်အစိုးရတပ်တွေက ရွာတွေထဲဝင်လာပြီး အိမ်တွေကို မီးရှို့တယ်၊ ရီစရာကောင်းတာက အရပ်သားတွေသုံးတဲ့ လမ်းတွေပေါ်မှာ မိုင်းထောင်တယ်။ ဒါကိုကြည့်ရင် စစ်သားတွေက အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာ ထင်ရှားနေတာပဲ" ဟု CIDKP မှ ဘလက်တောင်း (Black Town) က မဇ္ဈိမကို ပြောသည်။

ယမန်နှစ် တနှစ်တည်းအတွင်း ကရင်ပြည်နယ် တခုတည်းတွင် ရွှေ့ပြောင်းဒုက္ခသည် ဖြစ်သွားသော အရပ်သားပေါင်း ၂ သောင်းမျှရှိပြီး မြန်မာပြည် အရှေ့ခြမ်းတခုလုံးရှိ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်ပေါင်းမှာ စုစုပေါင်း တသိန်းကျော် ရှိမည်ဟု သူက ဆက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိ ဒုက္ခသည်ပေါင်း ၁၄ဝဝဝဝ ကို အစားအစာနှင့် နေအိမ်များ ပေးအပ် ကူညီနေသည့် TBBC က လာမဲ့နှစ်တွင် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ ပို၍ပင် များလာဦးမည်ဟု မျှော်လင့်ထားသည်။ လက်နက်ကိုင် တိုင်းရင်းသား သူပုန်များနှင့် မြန်မာစစ်တပ်တို့အကြား ပဋိပက္ခမှာ လျော့ပါးသွားမည့် လက္ခဏာမရှိ၍ ဤသို့ ခန့်မှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"နှစ်တိုင်းပဲ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်က တိုးလာတယ်၊ စစ်အစိုးရတပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့ပါးမသွားဘူးဆိုရင် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်က ပိုမိုများလာဦးမှာပဲ" ဟု TBBC ၏ စိုးရိမ်ပူပန်မှုကို ဘလက်တောင်းကလည်း ဖြည့်စွက်ပြောဆိုသည်။

ထိုအတောအတွင်း ထိုင်း-မြန်မာ နယ်စပ်တလျှောက် လှုပ်ရှား၍ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း မနှစ်ကတနှစ်လုံး မြန်မာစစ်တပ်နှင့် သူတို့တပ်များအကြား တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေခဲ့ပြီး ထိုစစ်ပွဲများကြောင့် ဒေသတွင်းနေထိုင်သော အရပ်သားများကို အကြီးအကျယ် ထိခိုက်ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

"ကေအင်ယူ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ နယ်မြေတွေကို သိမ်းယူချင်တာကြောင့် မနှစ်ကတနှစ်လုံး ကျနော်တို့နဲ့ စစ်အစိုးရ တပ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာ" ဟု ကေအင်ယူ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ပဒိုဒေးဗစ်ထော က ပြောဆိုသည်။

ဤပဋိပက္ခများကြောင့် ကျေးရွာသားများကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး၊ ထောင်ပေါင်းများစွာသော ကျေးရွာသားများ မိမိတို့အိုးအိမ်များကို စွန့်ခွါ ထွက်ပြေးခဲ့ကြရသည်ဟုလည်း သူက ဆက်ပြောသည်။

TBBC ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဂျက်ဒန်းဖို့ဒ် (Jack Dunfor) ကမူ စစ်အစိုးရက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ဤအရပ်သားများကို ကာကွယ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ရှိသည်ဟု ပြောသည်။ ဤအကျပ်အတည်း၏ အရင်းခံ အကြောင်းတရားသည် နိုင်ငံရေးဖြစ်သဖြင့် အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ရန်နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ပေါက်ရေးတို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် သံတမန်ရေးကြိုးပန်းမှုများကို အသစ်တဖန် ပြန်လည် ပြုလုပ်သင့်သည်ဟုလည်း သူက ဆက်လက်ပြောဆိုသည်။

ဒန်းဖို့ဒ် (Dunford) က တပြည်လုံးတွင် ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုလိုက်ပြီး၊ တရားမျှတမှုကို လျစ်လျူရှု၍ မရကြောင်းလည်း သတိပေးလိုက်ကာ "မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကျူးလွန်ခဲ့သော ကြမ်းကြုံတ်ရက်စက်မှုများအတွက် စစ်အစိုးရတွင် တာဝန်ရှိကြောင်း ဆက်လက်ကိုင်စွဲထားရန်မှာ အရေးပါဆဲဖြစ်သည်" ဟုလည်း သူက ပြောသည်။

0 Comments:

blogger templates | Make Money Online