Friday, October 31, 2008

ကရင်စခန်းတခုကို စစ်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်

ကရင်အမျိုးသား အစည်းအရုံး၏ တပ်စခန်းတခုကို ဒီကေဘီအေနှင့် စစ်အစိုးရ ပူးပေါင်းတပ်များက ယနေ့တွင် သိမ်းပိုက်လိုက်သည်။

ကေအန်ယူ၏ စစ်တပ်ဖြစ်သော တပ်မဟာ ၆၊ တပ်ရင်း ၂၀၁ လက်အောက်ခံ တပ်ခွဲ ၃ ၏ ခလယ်လောဆယ်ဒေသရှိ တပ်စခန်းအား စစ်အစိုးရတပ်နှင့် ကရင်အဖွဲ့ကွဲ တခုဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် - DKBA ပူးပေါင်းတပ်ဖွဲ့များက တရက်ကြာ တိုက်ခိုက်ပြီး ယနေ့နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်သွားခြင်း ဖြစ်သည်။

"မနေ့က သူတို့ (ပူးပေါင်းတပ်) ကြိုးစားတယ်ဗျာ။ လက်နက် အကူအညီတွေနဲ့ နအဖ က ပစ်ပေးတယ်။ KNLA (ကရင်တပ်) လူဦးရေ ၁၅၀ လောက်က ခလယ်လောဆယ် စခန်းကို ၀င်လာတယ်။ ဒီနေ့ မနက် ၁၁ နာရီလောက်က ၀င်လာတယ်။ ကျနော်တို့က အဲဒီစခန်းကနေ ထွက်ပေးလိုက်ပြီ" ဟု ကေအန်ယူတွဲဖက် အတွင်းရေးမှူး (၁) ပဒို စောလှငွေက မဇ္ဈိမကို ပြောသည်။

အချို့သော သတင်းများက ကေအန်ယူဘက်မှ ၂ ယောက်ကျဆုံးသည်ဟု ပြောဆိုသော်လည်း ဖဒိုစောလှငွေကတော့ မဟုတ်မှန်ကြောင်း ငြင်းဆန်လိုက်သည်။ လက်နက်အင်အားချင်း မမျှ၍ စခန်းကျသွားရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ခလယ်လောဆယ်ဒေသသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် အုန်းဖျန်ကျေးရွာ တဖက်ကမ်း မလှမ်းကမ်းတွင် တည်ရှိသည်။

လက်ရှိတွင် စခန်းအတွင်း၌ DKBA တပ်သား ၁၅၀ ခန့်က ၀င်ရောက်စခန်းချထားသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း စစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဝေါလေခီးဒေသမှ ကရင်တပ်စခန်းတခုအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ မကြာခင် ရက်ပိုင်းအတွင်း၌ ကေအန်ယူဘက် က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

0 Comments:

blogger templates | Make Money Online