Friday, October 17, 2008

ဒေါ်အောင်ဆန်းစုကြည်၏ ၁၃ နှစ်ကြာ ထိန်းသိမ်းခံရမှု ဆန့်ကျင်ဆန္ဒပြပွဲ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှု ၁၃ နှစ်မြောက်နေ့တွင် အင်္ဂလန်ရှိ မြန်မာ့အရေး လှုပ်ရှားသူများက တရုတ်သံရုံးသို့ မြန်မာနိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သော့ကြီးကို ပေးအပ်သွားရန် စီစဉ်နေသည်။

အကျဉ်းကျ ၁၃ နှစ်ပြည့်သည့် ယခုလ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းဆုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ရည်ရွယ်ကာ သင်္ကေတပြုထားသည့် အဆိုပါ သော့ကြီးအား အင်္ဂလန်ရှိ တရုတ်သံရုံးသို့ မြန်မာ့အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပေးအပ်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
"ဒါဟာ တရားမဝင်တဲ့ ထိန်းသိမ်းမှုပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်တိုင်က စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင် ထိန်းသိမ်းထားတယ်လို့ ကြေညာခဲ့ပါတယ်" ဟု အစီအစဉ် ပြုလုပ်နေသည့် အဖွဲ့များထဲမှ ဘားမားကင်ပိန်း (အင်္ဂလန်) (BCUK) ၏ ညွှန်ကြားရေးမှူး မတ် ဖာမနာ (Mark Farmaner) က နအဖ စစ်အစိုးရ၏ ပြီးခဲ့သည့်နှစ်က နိုင်ငံရေး လှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းမှုနှုန်း မြင့်မားခဲ့သည်ကို ပြစ်တင်ရှုတ်ချရင်း ပြောသည်။
နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန်အတွက် မြန်မာစစ်အစိုးရအား ကမ္ဘာ့နိုင်ငံများက ၀ိုင်းဝန်းဖိအားပေးရန် ရည်ရွယ်သည့် ဆန္ဒပြပွဲကို ထိုနေ့တွင် အင်္ဂလန်အခြေစိုက် မြန်မာအင်အားစုများက ကျင်းပသွားမည်ဖြစ်ကာ အကျဉ်းသားများ၏ အမည်များ ရေးထိုးထားသည့် အဆိုပါ သော့ကြီးကို ပေးအပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
Mark Farmaner က ''ဒီဆန္ဒပြပွဲဟာ ၂၀၀၇ စက်တင်ဘာလကထက် အရေအတွက် ၂ ဆနီးပါးရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆိုးဝါးတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ပါတယ်'' ဟု ပြောသည်။
နအဖ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုကာလ မတိုင်ခင်က နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်သာ ရှိခဲ့ရာမှ၊ နောက်ပိုင်းတွင် ၂၁၃၀ ဦးသို့ မယုံကြည်နိုင်စရာ မြင့်တက်လာခဲ့သည်ဟု BCUK က ပြောသည်။
"လူတွေ ပိုသိလာအောင် ကျနော်တို့ လုပ်နိုင်သမျှကို လုပ်သွားမှာပါ" ဟု ဖါမနာက အောက်တိုဘာလ ၂၄-၂၅ ရက်နေ့များတွင် ပေဂျင်း၌ ကျင်းပရန်ရှိသည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်စွာ ကျင်းပမည့် သူတို့၏ ဆန္ဒပြပွဲ အစီအစဉ်ကို ပြောသည်။
ပေဂျင်း အစည်းအဝေးသို့ တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေး အကျဉ်းသားများ၏ လွတ်မြောက်မှုကို ဖွင့်လှစ်ပေးနိုင်သည့် ထိုသော့ကြီးကို ကိုင်စွဲပြီး၊ သူတို့၏ စွမ်းရည်များဖြင့် စစ်အစိုးရကို ဖိအားပေးရန်အတွက် ဆန္ဒပြမည့် မြန်မာအင်အားစုများက လိုလားကြသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရအား ပျော့ပျောင်းသော ချဉ်းကပ်မှုများနှင့် ကိုင်တွယ်ခဲ့သည်မှာ မအောင်မြင်ခဲ့သဖြင့် ယခုအချိန်သည် သူတို့အတွက် ပိုမိုပြင်းထန်သော နည်းလမ်းများကို သုံးရမည့် အချိန်ဖြစ်သည်ဟု ဖါမနာက ဆိုသည်။
"ကုလသမဂ္ဂဟာ အချိန်တော်တော်ကြာ စစ်အစိုးရရဲ့ မုသားတွေထဲမှာ လဲကျနေခဲ့တာပါ။ သူတို့ဟာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာပါ" ဟု BCUK ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ကုလ အတွင်းရေးမှူးချုပ်သည် နိုင်ငံရေး ပြဿနာများအား ဆွေးနွေးရန်အတွက် မြန်မာပြည်သို့ တခါမှ မသွားဖူးသေးသလို၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်အတွက် စစ်အစိုးရထံ တောင်းဆိုဖို့လည်း ဥရောပ၊ အာရှ အစိုးရများနှင့် မည်သည့်အခါကမှ ပူးပေါင်းလုပ်ကိုင်ခြင်း မရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။
ထို့အပြင် "သူတို့ဟာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ရမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းဖြင့် လာမယ့် ဒီဇင်ဘာလမှာ ဘန်ကီမွန်း မျှော်မှန်းတဲ့ တိုးတက်မှုတွေအတွက် အနိမ့်ဆုံး စံနှုန်းတခုတော့ ရသင့်ပါတယ်" ဟုလည်း ဆိုထားသည်။
တကမ္ဘာလုံးရှိ ပြည်သူများနှင့် မြန်မာလူမျိုးများအား အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းကြရန် ဆော်သြထားသည်။
အင်္ဂလန်တွင် ပြုလုပ်မည့် ဆန္ဒပြပွဲအား မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့၊ ကချင် အမျိုးသားအဖွဲ့၊ ကရင်အဖွဲ့အစည်း၊ မြန်မာမွတ်ဆလင်အဖွဲ့နှင့် BCUK စသော မြန်မာအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

မဇ္ဇိမသတင်းဌာနမှထုတ်နှုတ်တင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online