Friday, October 31, 2008

ကေအန်ယူ တပ်မဟာ(၆) နယ်မြေမှာ ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် ကေအန်ယူ(၂၀၁)စခန်းကိုသိမ်းဖို့ကြိုးပမ်းမှုမအောင်မြင်


ယနေ့ နံနက်(၅)နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ တပ်မဟာ(၆)နယ်မြေအတွင်း ရှိ တပ်ရင်း(၂၀၁)တပ်စခန်းအား DKBAနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ ကြိုကြားပစ်ခတ်မှုများကြောင့် ဒေသတွင်းအခြေ အနေမှာတင်းမာ လျက်ရှိသည်။

(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ (ခလုန်းလောင်ချယ်)စခန်းသည် မဲဆောက် မြို့မှ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာ ဘက်အခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၁)လက်အောက်ခံ တပ်ခွဲ(၃)မှ အရာခံဗိုလ် စောထိခုက

“ဒီမနက် ငါးနာရီမှာ DKBA တပ်ရင်း (၃၃၃)၊ (၉၀၇)၊ (၉၀၆)၊ နအဖတပ်တွေ ပူးပေါင်းပြီး ကျနော်တို့ တပ်ခွဲ(၃)စခန်းနေရာကို တက်သိမ်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ထောင်ထားတဲ့ မိုင်း(၅)လုံး ပေါက်ကွဲပြီး သူတို့ရှေ့ဆက်မတက်ရဲတော့ဘူး။ နအဖစစ်တပ်က အနောက်ကနေပြီး (၈၁မမ)၊ (၇၅မမ)၊ (၆၀မမ) လက်နက်ကြီးတွေနဲ့ ကျနော်တို့စခန်းထဲ ပစ်ချတာ အလုံး(၄၀)လောက် ရှိ ပြီ။ ဒါပေမယ့် သူတို့ချဉ်းကပ်လို့ မရဘူး။ ကျနော်တို့ ရရှိတဲ့ကြားဖြတ် စက်သတင်းအရ ဒီညသူတို့စစ် ကူတွေ လာမယ်။ ပြီးရင် ကျနော်တို့စခန်းကို တက်ရှင်းမယ်လို့ သိရတယ်။ ကျနော်တို့ဖက်ကလည်း သူ တို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ DKBAနဲ့ နအဖစစ်တပ်တွေဟာ ထိုင်းဖက်ကဝင်ပြီး ကျနော်တို့ကိုပိုင်းဖို့ လုပ်နေတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ မရအရခုခံသွားရမှာပဲ”ဟု ခေတ်ပြိုင်သို့ ပြောသည်။

နံနက်လင်းအားကြီးအချိန်က စတင်ခဲ့သည့် ပစ်ခတ်မှုများသည် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခြင်းအဆင့် မျိုးမရှိသေးသည့်အတွက် နှစ်ဖက်အကျအဆုံး အခြေအနေကို မသိရှိရသေးသော်လည်း မိမိတို့မိုင်း(၅) လုံးပေါက်ကွဲခဲ့မှုတွင် DKBA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရရှိနိုင်သည်ဟု ၎င်းက ဆက်ပြော သည်။

နောက်ထိုင် မြန်မာစစ်တပ်မှ အကူပစ်ပေးသည့် လက်နက်ကြီးကျည် အလုံး(၄၀)ခန့်မှာ ထိုင်းနိုင်ငံ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိသေးဟု အုန်းဖန်နှင့်မဲဆောက် လိုင်းကားမောင်းသူတဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဒေသတွင်းလုံခြုံရေး တိုးမြင့်ချထား ကြောင်း မြန်မာဘက်ခြမ်းမှ ရွာသားများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာမှုများ မရှိသေးကြောင်း သိ ရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားရာဒေသတွင် နယ်မြေစိုးမိုးရေးရရှိရေးအတွက် DKBAနှင့် မြန်မာစစ်တပ်တို့သည် ယခုနှစ်အတွင်း အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်မှုများ ရှိသော်လည်း စခန်းသိမ်းနိုင်သည့် အနေအ ထား မရှိသေးကြောင်း သိရှိရသည်။

နအဖနှင့် DKBA၏ ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဖလဲခို့(ခေါ်) စောအော်လီဗာက “ကျွန်တော်တို့ ဘက်ကတော့ စစ်ရေးနည်းနဲ့ဖြေရှင်းတာကို မလိုချင်ပေမဲ့ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ တော်လှန်စစ်ရဲ့ သဘောအရ ခုခံကာကွယ်စစ်ကိုဆင်နွဲဘို့ အရံသင့်ရှိတယ် လက်အောက်ခံ တပ်မဟာ တပ်ရင်း တပ်ဖွဲ့တွေကို ညွန်ကြားထားပြီးဖြစ်တယ် အဓိက ခံစစ်ရှင်ပြောက်ကြားစနစ်ကို သုံးပြီး ရန်သူ ကို ရင်ဆိုင်မှာဖြစ်တယ်”ဟုပြောသည်။

နအဖအနေနှင့် မြန်မာပြည်၏နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့်ဖြေရှင်း၍ မရကြောင်း KNUနှင့် တိုက်နေသည်မှာနှစ် (၆၀)ရှိပြီးဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖေါ်မှသာ စစ်မှန်သည့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရမည်ဆိုသည့်အချက်ကို သ ဘောပေါက်သင့်သည် ဟုလည်းဖြည့်စွက်ပြောသည်။

0 Comments:

blogger templates | Make Money Online