Tuesday, October 21, 2008

ရန်ကုန်မှာ ယာဉ်ထိန်းရဲမဟုတ်သူများက ကားများကို ဖမ်းဆီးဒဏ်ငွေရိုက်

ယာဉ်ထိန်းရဲမဟုတ်သည့် ပို့ဆောင်ရေးဦးစီးဌာနက စည်းကမ်းချက်အမျိုးမျိုးထုတ်ကာ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် လိုင်းကားများနှင့် တက္ကစီကားများကို ဖမ်းဆီး အရေးယူနေသောကြောင့် ယာဉ်မောင်းများနှင့် ကားပိုင်ရှင်များ မကျေမနပ်ဖြစ်နေကြသည်။
တိုက်ကြီး-အင်းစိန်ပြေးဆွဲသည့် ယာဉ်မောင်းတဦးက “ကျနော်တို့က ခရီးသည်တင်ကားပါ။ ဒါပေမယ့် ခရီးသည်တွေရဲ့ ကုန်တွေပါတော့လည်း တင်ရတာပဲ။ အခုရက်ပိုင်းမှာ အင်းစိန်အ၀င်မှာ ကားတွေကို စောင့်ပြီးစစ်တယ်၊ အဲဒါ ကုန်တွေ ပါတာတွေ့ရင် လုပ်ငန်းလိုင်စင်မရှိဘဲ တင်လာတာဆိုပြီး ကားကို ဖမ်း၊ အင်းစိန် မယကရုံးကို ခေါ်သွားပြီး ဒဏ်ငွေရိုက်တယ်၊ ဒဏ်ငွေက ကားတစီး ကျပ် (၃) သောင်းတဲ့။ ဒီငွေ ကျနော်တို့ရှာရဖို့ မလွယ်ဘူး” ဟု ပြောသည်။

စည်းကမ်းနှင့်မညီညွတ်သည့် စက်တပ်ယာဉ်များအပေါ် ဒဏ်ငွေတပ်မှု နှုန်းထားများကို ပို့ဆောင်ရေးဦးစီးဌာနက ပြင်ဆင်သတ်မှတ်ကာ ၎င်းတို့ဌာနမှ ၀န်ထမ်းများကိုယ်တိုင် မယကမှ တာဝန်ပေးထားသူများ၊ အရပ်ဝတ် နယ်မြေခံရဲများနှင့် ပူးပေါင်းကာ ရှောင်တခင် စစ်ဆေးမှုများလုပ်၍ ဒဏ်ရိုက်နေခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတဦးက ပြောသည်။
၎င်းတို့ ပြင်ဆင်သတ်မှတ်လိုက်သည့် စည်းကမ်းချိုးဖောက်မှု ဒဏ်ငွေနှုန်းထား အသစ်များမှာ လုပ်ငန်းလိုင်စင်မရှိသည့် ကားများ ဒဏ်ငွေ ကျပ် (၃) သောင်း၊ စက်တပ်ရေယာဉ် ကျပ် (၁) သောင်း၊ ထော်လာဂျီ ကျပ် (၅) ထောင် တို့ဖြစ်သည်။
ယင်းသို့အရေးယူမှုကြောင့် လူစီးကားပေါ် ကုန်တင်သူများ၊ ကျောက်၊ သဲ၊ ဘိလပ်မြေ သယ်ပို့ယာဉ်များ၊ အိမ်ထောင်ပြောင်းရွှေ့ပစ္စည်းသယ်သည့်ယာဉ်များသည် လုပ်ငန်းလိုင်စင်မရှိသည့်အတွက် အများဆုံး ဒဏ်ရိုက်ခံနေရသည်။
အလားတူ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီကားများကိုလည်း မြို့တော်အင်္ဂါနှင့်မညီဟုဆိုကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
တက္ကစီကားများ ဆေးရောင်မှိန်ခြင်း၊ ဘန်ပါ ပြုတ်နေခြင်း၊ တံခါးဖွင့်ပိတ် မကောင်းခြင်း၊ မှန်အတင်အချ လုပ်မရခြင်း၊ နောက်ဖုံးများကို ကြိုးနှင့်သိုင်းထားခြင်း၊ နောက်သော့နှင့် အဖွင့်အပိတ် လုပ်မရခြင်းတို့ကို စစ်ဆေးအရေးယူလျက်ရှိသည်။
ရန်ကုန်တွင် ယခုပြေးဆွဲနေသည့် ကားအများစုသည် အနှစ် နှစ်ဆယ်၊ သုံးဆယ်ကျော် အိုဟောင်းနေသည့် ကားများဖြစ်ပြီး ပြင်ရန် အပိုပစ္စည်းမရှိကြောင်း၊ ရှိပါကလည်း ဈေးကြီးသည့်အတွက် ပိုင်ရှင်များက ကားဟောင်းများကို ငွေကုန်ကြေးကျခံ၍ မပြင်လိုကြသဖြင့် ဖြစ်သလို ပြေးဆွဲနေကြရခြင်း ဖြစ်ကြောင်း တက္ကစီမောင်းသူတဦးက ပြောသည်။
၎င်းက “တချို့ကားတွေဆို အောက်ခြေကြမ်း ပေါက်နေလို့ ကားလမ်းကိုတောင် မြင်ရတယ်၊ ကားစီးနေရင်း ဗွက်စင်တယ်၊ ဒါတွေ မပြင်ရင် ဖမ်းပြီး လိုင်စင်သိမ်းတယ်။ နောက် ကားကိုပြင်ခိုင်း၊ ပြီးရင် ယာဉ်ထိန်းရဲကိုပြ၊ သူတို့က ဒဏ်ရိုက်တယ်။ ငွေကုန် အချိန်ကုန်နဲ့ အတော်လေးကိုကြာပြီး ဖမ်းထားတဲ့အချိန်မှာ ကားလည်းဆွဲစားလို့မရ သိပ်ဒုက္ခရောက်တယ်” ဟုပြောသည်။

0 Comments:

blogger templates | Make Money Online