Saturday, October 18, 2008

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ကမ္ဘာလှည့် ခရီးသွားဦးရေ ၃၃ဝဝဝ ကျော် လျော့ကျ

နှစ်ဝက်အတွင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ မင်္ဂလာဒုံလေဆိပ်မှတဆင့် ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ယခင်နှစ် ဤကာလနှင့် နှိုင်းစာလျှင် ၃၃ဝဝဝ ကျော် လျော့ကျသွားခဲ့သည်ဟု တရားဝင် အစီရင်ခံစာတခုအရ သိရှိရပါသည်။
ရန်ကုန်မြို့သို့ အဓိက အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်မှတဆင့် ငွေကြေး ကြပ်တည်းနေသော နိုင်ငံသို့ ဝင်ရောက်လာသော ခရီးသွား အရေအတွက်မှာ ၃၃၁၉၂ ဦး လျော့နည်းသွားခဲ့သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ပြုစုထားပြီး မဇ္ဈိမမှ ရရှိထားသည့် အစီရင်ခံစာတခု အဆိုအရ သိရှိရပါသည်။

၂ဝဝ၈ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း ဝင်ရောက်လာသော ခရီးသွားများအနက် အာရှတိုက်မှ အများဆုံးဖြစ်ကာ ၄ဝ၆၇၁ ဦးရှိပြီး၊ အနောက်ဥရောပမှ ၄ဝ၇၆ ဦးရှိကာ၊ မြောက်အမေရိကမှ ၈ဝ၅၃ ဦးဖြင့် တတိယလိုက်၍ အနည်းဆုံးမှာ အာဖရိကတိုက်မှဖြစ်ပြီး ၂ဝ၉ ဦးရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။
အခြား အစီရင်ခံစာ တခုတွင်မူ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွါးခဲ့သည့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲအပြီး ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ကမ္ဘာလှည့် ခရီးသွားဦးရေမှာ ကျဆင်းသွားခဲ့သည်ဟု ဆိုပါသည်။ ၂ဝဝ၆ ခုနှစ်နှင့် နှိုင်းစာလျှင် ၅.၉% ကျဆင်းသွားကာ ဦးရေအားဖြင့် ၂ဝဝဝဝ ကျော် ကျဆင်းသွားခဲ့သည်ဟု ဆိုပါသည်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အခြေအနေမှာ ဆိုးဝါးနေရာမှ ပို၍ အခြေအနေ ဆိုးသွားပြီး စက်တင်ဘာလလယ်မှ စတင်သည့် ခရီးသွား ရာသီအတွင်းဖြစ်သော နိုဝင်ဘာလမှာပင် ဥရောပ ဈေးကွက်မှ ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသွားများ ခရီးစဉ်အတွက် ကြိုတင်ဘွတ်ကင်လုပ်ခြင်း အလွန်ရှားပါးသွားသည်ဟု ညည်းညူ ပြောဆိုနေသော ခရီးသွား လုပ်ငန်း အေဂျင်စီများ ပိုမို များပြားလာနေပါသည်။
"အာရှ ခရီးသွားတွေနဲ့ လုပ်နေတဲ့ လုပ်ငန်းတွေကတော့ ဆက်သွားနေတုံးပါဘဲ၊ ဒါပေမဲ့ အရေအတွက်တော့ နည်းသွားတယ်" ဟု အာရှတိုက်နှင့် ဥရောပတိုက်မှ ခရီးသွားများကို အဓိက ဈေးကွက်အဖြစ် ထားရှိသည့် ခရီးသွားလုပ်ငန်း အေးဂျင့်တဦးက ပြောပါသည်။
ပြင်သစ်ဈေးကွက်ကို အဓိကထားသည့် ခရီးသွား လုပ်ငန်းတခုကမူ "ဒီနှစ်အောက်တိုဘာ လလယ်အတွက် ပက်ကေ့ခ်ျ တိုး (အစုလိုက်လာသော ခရီးသည်အုပ်စု) တခုဘဲ ရထားသေးတယ်။ မနှစ်ကဒီလိုလမှာ တလလုံး ခရီးစဉ်အပြည့် ဘွတ်ကင် ရှိပြီးသား" ဟု ပြောသွားပါသည်။

မဇ္ဇိမသတင်းဌာနမှထုတ်နှုတ်တင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online