Monday, October 13, 2008

စစ်တွေ ဆွမ်းဆန်လောင်းပွဲ သံဃာတော်အရေအတွက် ကန့်သတ်ခံရ

သီတင်းကျွတ်လပြည့်နေ့ နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပွားလာမှာကို စိုးရိမ်နေသော အာဏာပိုင်များက ဘုန်းကြီးကျောင်းတကျောင်းလျှင် သံဃာတော် ၂ ပါးသာ အလှုခံထွက်ရန် ကန့်သတ်ထားသည်။

အလှုခံထွက်မည့် ရဟန်းတော်များအနေဖြင့် အာဏာပိုင်များသို့ ဘွဲ့အမည်၊ ကျောင်းအမည်များ ကြိုတင်ပေးထားရပြီး စုရပ်နေရာတွင်သာ အလှုခံရမှာဖြစ်သည်။ ထို့အပြင် ဘုန်းကြီးကျောင်း တကျောင်းလျှင် ၂ ပါးထက်ပိုမကြွရန် တားမြစ်ထားသည်။
ကန့်သတ်လိုက်ခြင်းသည် သာသနာကို ညိုးနွမ်းအောင် လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက စွပ်စွဲပြောဆိုလိုက်သည်။
” သံဃာတော်တွေက ၀ိနည်းတော်နဲ့ အညီ ဘုရားအဆုံးအမအောက်မှာ နေကြရတယ်လေ။ ဒီလို မြတ်စွာ ဘုရားအပေါ်ကနေ အာဏာပိုင်တွေ စီးမိုးပြီးတော့ ဘာသာ၊ သာသနာကို ရိုက်ချိုး ပစ်လိုက်သလို ဖြစ်နေတယ်။ မလုပ်သင့် မလုပ်ထိုက်ဘူး။ … ဒကာ၊ ဒကာမတွေဘက်ကိုဆိုရင်လည်း ခြိမ်းခြောက်မှုတွေလုပ်တယ်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို ဆော်ကားရာရောက်တယ်။ ရိုးရာ အစဉ်အလာ တခုလုံးကို ရိုက်ချိုးပစ်လိုက်သလို ဖြစ်နေတယ်လေ” ဟု ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။
ဘုန်းကြီးကျောင်း ၂၅၀ ခန့်ရှိသည့် နိုင်ငံရေးလှုပ်ရှားမှုအားကောင်းသည့် ပြည်နယ်မြို့တော်တွင် ယခင်နှစ်က သီတင်းကျွတ်လပြည့် အလှုပွဲသို့ သံဃာတော် အပါး ၁၅၀၀ ကျော် ကြွရောက်ခဲ့သည်။
အတိုက်အခံလှုပ်ရှားမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလေ့ရှိသော စစ်တပ်အုပ်ချုပ်သည့် နိုင်ငံတွင် ယမန်နှစ်ကစတင်ကာ ရခိုင်ပြည်နယ်အတွင်း သံဃာတော်များက စီတန်းလမ်းလျှောက်မှုများဖြင့် အာဏာပိုင်များကို အာခံတုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်နေ့က သံဃာတော်အပါး ၁၅၀ ခန့်သည် တိတ်ဆိတ်ငြိမ်သက်စွာ စစ်တွေမြို့တွင်း လမ်းလျှောက်ခဲ့ကြသည်။ ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်ဟု ရဟန်းတော်များက ပြောသည်။

မဇ္ဇိမသတင်းဌာနမှထုတ်နှုတ်တင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online