ဒီမိုကရေစီရေး တိုးတက်အောင် ဆောင်ရွက်လာရန် ဖိအားပေးသည့်အနေဖြင့် သြစတြေးလျနိုင်ငံက မြန်မာ စစ်အစိုးရနှင့် ပတ်သက်ဆက်နွှယ်နေသူ နောက်ထပ် (၄၅ )ဦးကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ် အရေး ယူမှုများ ယနေ့ ထပ်မံတိုးချဲ့ပြုလုပ်လိုက်သည်။အသစ်တိုးချဲ့လိုက်သည့် စာရင်း၌ နအဖစစ်အစိုးရအဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာအရာရှိများသာမက စစ်အစိုးရ နှင့် ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း (၄၆၃) ဦးပါဝင်သည်။
ထိုစာရင်းသည် ယမန်နှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲကို စစ်တပ်က အကြမ်း ဖက်ဖြိုခွင်းပြီးနောက် ဒဏ်ခတ်အရေးယူခဲ့သည့် (၄၁၈) ဦးပါ စာရင်းကို နောက်ဆုံးရရှိသည့် အချက်အလက် များနှင့် ထပ်မံတိုးချဲ့ ဖြည့်စွက်ထားခြင်းဖြစ်သည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်၌ ဖော်ပြသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖန် စမစ်က “ဒီမိုကရေစီရေးအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဖြစ်လာဖို့ သြစတြေးလျနိုင်ငံက မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးသွားမယ်။ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ထပ်လုပ်လိုက်တဲ့ ဒီကနေ့ ကျနော့်ရဲ့ကြေညာချက်ဟာ သြစတြေးလျအစိုးရရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်နေတယ်ဆိုတာကို ပြသလိုက်တာပဲ ” ဟု ကြေညာချက်၌ ပြောကြားသည်။
သြစတြေးလျနိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် အတိုက် အခံပါတီများနှင့် ပွင့်လင်းမြင်သာသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလုပ်ရန် မြန်မာစစ်အစိုးရကို အစဉ်တစိုက် တောင်းဆိုနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကို ဖမ်းဆီးထားခြင်းသည် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ၁၉၉၁ ခုနှစ်ကတည်းက စစ်ပစ္စည်းတင်ပို့မှုပိတ်ပင်ထားပြီး မြန်မာ စစ်အစိုးရ ထိပ်တန်းအဖွဲ့ဝင်များနှင့် ၎င်းတို့၏အဆက်အနွှယ်များကိုလည်း လွန်ခဲ့သည့်နှစ်အတန်ကြာကတည်းက ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးဘဲ ထားရှိသည်။
၂၀၀၇ အောက်တိုဘာ၌ မြန်မာစစ်ခေါင်းဆောင်များကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုများ စတင်ပြု လုပ်ခဲ့ပြီး နောက်ထပ် ( ၁၂) လတာ ကာလအတွက် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်ကို ယနေ့ထပ်မံတိုးချဲ့ ပြုလုပ်သည်။
ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ခြင်းသည် နအဖစစ်အစိုးရကို ဆက်လက်ဖိအားပေးခြင်းသာဖြစ်ပြီး မြန်မာပြည်သူလူထုကို မရည်ရွယ်ကြောင်းနှင့် မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပေးသွားမည်ဟု သြစတြေးလျအစိုးရက ပြောသည်။
သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံ၏ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် ဒေါ်လာ (၅၅) သန်း ထည့်ဝင်ခဲ့ပြီး ၂၀၀၈ - ၂၀၀၉ အတွင်း ကျန်းမာရေး၊ အခြေခံပညာရေးနှင့် ဒုက္ခ သည်များအတွက် သုံးစွဲရန် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့များမှ တဆင့် ဒေါ်လာ (၁၆) သန်း ထည့်ဝင်ထားကြောင်း သိရသည်။
Wednesday, October 22, 2008
သြစတြေးလျနိုင်ငံက မြန်မာစစ်ခေါင်းဆောင်များကို တိုးချဲ့ဒဏ်ခတ်ပိတ်ဆို့
Posted by Sanghaalliance at 11:09 PM
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment