Wednesday, October 22, 2008

စစ်အစိုးရတပ်များကြောင့် ကျောင်းများ ပိတ်ထားရ

စစ်အစိုးရတပ်နှင့် ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တို့ စီးနင်းဝင်ရောက်မှုကြောင့် စာသင်ကျောင်းများနှင့် ဆေးခန်းများ ပိတ်ထားလိုက်ရသည်ဟု အကူအညီပေးနေသော အန်ဂျီအိုတခုက ပြောသည်။
စက်တင်ဘာလနှောင်းပိုင်းက ပြုလုပ်သော စီးနင်းတိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ဖောဘူးလထ၊ ဟောဖိုးခီး အစရှိသည့် ကျေးရွာများတွင် ဖွင့်လှစ်ပေးထားသော ကျောင်း ၅ ခုနှင့် ဆေးခန်း ၂ ခု ပိတ်လိုက်ရခြင်းဖြစ်သည်ဟု အီတလီနိုင်ငံ အခြေစိုက် Help without Frontiers Refugees for Burma အဖွဲ့က ပြောသည်။

''အဲဒီနေရာတွေက အခု DKBA နဲ့ SPDC ထိန်းချုပ်မှုအောက်ကို ရောက်သွားတယ်လို့ ပြောလို့ ရတယ်။ အဲဒီတော့ ကျနော်တို့ အဲဒီ ရွာတွေကနေ ပြောင်းထွက်လာခဲ့ရတယ်။ သူတို့က ဒီမှာ ရှိနေတော့ ကျနော်တို့ အဲဒီနေရာတွေမှာ ပြန်ဖွင့်နိုင်ဖို့ဆိုတာ မသေချာသေးဘူး။ အခြေအနေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေရတာပေါ့'' ဟု အဆိုပါ NGO အဖွဲ့မှ တာဝန်ရှိသူ Benno က မဇ္စျိမကို ပြောသည်။
ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက ကျောင်းမလာရဲတော့သလို၊ ပူးပေါင်းတပ်သားများက ဆေးခန်းများရှိ ဆေးဝါးမှအစ ကျန်ရှိပစ္စည်းများအား လုယက်ယူငင်သွားသဖြင့် ဆေးခန်းများကိုပါ ယခုလို ပိတ်ရခြင်းဖြစ်ကြောင်း သူက ပြောသည်။
အခင်းဖြစ် ကျေးရွာများသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက် ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။
ယခု NGO အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စာသင်ကျောင်းပေါင်း ၃၀ ခန့်နှင့် ဆေးခန်း ၃ ခု ဖွင့်လှစ်ထားပြီး၊ ၂၀၀၂ ခုနှစ်မှ စတင်ကာ အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်လ ၂၄ ရက်နေ့ နောက်ပိုင်းတွင် ခြေလျင်တပ်ရင်း (ခလရ) ၄၀၁ ၊ ၄၀၇ နှင့် DKBA တပ်ရင်း ၉၀၇၊ ၉၀၆၊ ၃၃၃ တပ်ရင်းများက KNLA ထိန်းချုပ်ရာ ဒေသများ၌ ၀င်ရောက်လာခဲ့ကြောင်း အစိုးရကို လက်နက်ကိုင် ပုန်ကန်နေသော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ပြောသည်။

0 Comments:

blogger templates | Make Money Online