Wednesday, October 15, 2008

သီတင်းကျွတ်လပြည့် ရွှေတိဂုံမှာ ဘုရားဖူး ၂သိန်းကျော် သံဃာတွေကိုရန်ကုန်ရဲကမျက်ခြေမပြတ်စောင့်ကြည့်

ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့၌ လုံခြုံရေးများ ထူထပ်စွာချထားသော်လည်း ရွှေတိဂုံစေတီတော်နှင့် ကန်တော်ကြီးပတ်ဝန်းကျင်တွင် စည်စည်ကားကားရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “မနေ့က ရွှေတိဂုံနဲ့ မြို့တော်ခန်းမ၀န်းကျင်မှာ လုံခြုံရေးတွေချထားတယ်။ နေ့လယ်ပိုင်းကျ ရင်ပြင်တော်အင်္ဂါထောင့်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အန်အယ်လ်ဒီပါတီဝင်တွေ ဆုလာတောင်းကြတယ်။ ညပိုင်းတော့ ရင်ပြင်တော်မှာ တိုးမပေါက်လောက်အောင် စည်ကားတယ်။ လုံခြုံရေးချထားပေမယ့် စစ်ဆေးတာမျိုးတော့ မတွေ့ရဘူး” ဟုပြောသည်။
ဘုရားဖူးသူများအနက် ဘုန်းတော်ကြီးများနှင့်သီလရှင်များကိုလည်း ယမန်နှစ်ကထက်ပိုမို တွေ့ရကြောင်း ဘုရားဖူးတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့နှစ်ကတော့ ဘုန်းကြီးတွေကို စောင့်ကြည့်နေတာမျိုးလုပ်တယ်လေ။ ဒီနှစ်တော့ ရွှေတိဂုံလုံခြုံရေးတွေက လွတ်လွတ်လပ်လပ်ပဲ။ ဘာပြဿနာမှ ဖြစ်တယ်မကြားရဘူး” ဟုပြောသည်။
သို့သော် စစ်အစိုးရသည် ရန်ကုန်မှ သံဃာတော်များလှုပ်ရှားမှုကို အသေးစိတ် စီစစ်လျက်ရှိပြီး ရန်ကုန်တိုင်းမှုးကို တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ဘို့ အမိန့်ပေးထားသည်ဟု စုံစမ်းသိရသည်။ ရန်ကုန်တိုင်းမှုးအမိန့်အရ ရန်ကုန်ရဲများက သံဃာတော်များ ခရီးသွားလာမှုကို အသေးစိတ် စစ်ဆေးလျက်ရှိပြီး သံဃာတော်များ ရန်ကုန်အထွက် အ၀င်ကို ဘုန်းကြီးကျောင်းများထိ ရဲကလိုက်လံစစ်မေးနေသည်ဟု ရန်ကုန်တိုက်အုပ်ဆရာတော်တပါးက အမိန့်ရှိသည်။
သံဃာတပါး မိမိရပ်ရွာပြန်သည်ကိုပင် မည်သည့်နေရာသွားသည် မည်သည့်ကိစ္စနှင့်သွားသည် မည်သည့်အချိန်ပြန်ရောက်သည်စသည် တို့ကို ဘုန်းကြီးကျောင်းထိ ရဲကလာစစ်ဆေးင်္ပြီး ရန်ကုန်တိုင်းမှုးကို အစီရင်ခံနေရသည်ဟု သိရသည်။
ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ဝင်တဦးက ယခုနှစ်သီတင်းကျွတ်လပြည့်နေ့တွင် လာရောက်ဘုရားဖူးသူအရေအတွက်မှာ ဂေါပကအဖွဲ့မှတ်တမ်းအရ (၂) သိန်းခန့်ရှိကြောင်း ပြောသည်။
“ပြီးခဲ့တဲ့နှစ်က လပြည့်ညမှာ ထောင်ဂဏန်းလောက်ပဲရှိတာ။ ဒီနှစ်လပြည့်ညမှာ ဘုရားဖူးအရေအတွက်က (၅) သောင်းလောက်ရှိလိမ့်မယ်” ဟု ၎င်းက ခန့်မှန်းသည်။
ရွှေတိဂုံဘုရား မုခ်အသီးသီးသို့သွားရာလမ်းမများ၊ ကန်တော်ကြီးပတ်လည် မျှော်စင်ကျွန်းအ၀င်လမ်းမများတွင် ယမန်နေ့က တနေကုန် ကားလမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သည်။

ခေတ်ပြိုင်သတင်းဌာနမှ ထုတ်နှုတ်တင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online