Tuesday, October 14, 2008

မြန်မာနိုင်ငံအတွက် လုပ်နိုင်သမျှ လုပ်မည်ဟု ဗြိတိန်က ကတိပြု

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လုပ်နိုင်သမျှ လုပ်ပါမည်ဟု ဗြိတိသျှ အစိုးရက ကတိပြု ပြောကြား လိုက်ပါသည်။ ယင်းကတိပြုချက်သည် ယူနိုက်တက်ကင်းဒမ်း နိုင်ငံမှ ကင်ပိန်း လှုပ်ရှားသူများ အွန်လိုင်းတွင် တင်ထားသည့် ပန်ကြားချက်ကို တုံ့ပြန် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

ဝန်ကြီးချုပ်၏ ဝက်ဘ်ဆိုက်ဖြစ်သော (www.number10.gov.uk/page17117) တွင် တင်ထားခဲ့သည့် ပန်ကြားချက်ကို ဗြိတိသျှအစိုးရက တုံ့ပြန်ရာတွင်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် အစိုးရအတွက် ဦးစားပေြး ဖစ်မြဲဖြစ်နေဆဲ ဖြစ်ပြီး ဝန်ကြီးချုပ် ကိုယ်တိုင်လည်း လွန်ခဲ့သော ၁၂ လလုံးလုံး ဤအတိုင်း ဆောင်ရွက်ခဲ့ပါသည်ဟု ဖြေကြားထားပါသည်။ မြန်မာပြည်သူများအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကတိပြုထားပါသည်။
"မြန်မာ ပြည်သူပြည်သားများ သူတို့နှင့် ထိုက်တန်သည့် ငြိမ်းချမ်းသာယာ ဝပြော၍ ဒီမိုကရေစီရှိသော အနာဂါတ်ကို ရယူ ပိုင်ဆိုင်နိုင်ရေးအတွက် လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်၍ ဗြိတိသျှအစိုးရက ဆက်လက် ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်" ဟု တုံ့ပြန်ချက်တွင် ဖြေကြားထားပါသည်။
မြန်မာ စစ်အာဏာပိုင်များက ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ရက်ရက်စက်စက် နှိမ်နင်းအပြီး ဘားမားကင်ပိန်း ယူကေ (BCUK) ကအွန်လိုင်းပေါ်တွင်တင်ထားသည့် ပန်ကြားချက်ကို အစိုးရက တုံ့ပြန် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ဖြေကြားခဲ့သော အဆိုပါ တုံ့ပြန်ချက်တွင် စစ်အစိုးရ လက်အောက်တွင် ဖိနှိပ်မှုများကို ဆက်လက် ခံစားနေရရုံသာမက မေလအတွင်းက လူပေါင်း သိန်းနှင့်ချီ၍ သေဆုံးခဲ့ရပြီး၊ လူပေါင်း ၂.၄ သန်း အိုးအိမ် စည်းစိမ်များ ပျက်စီးခဲ့ရသည့် ဆိုင်ကလုံးနာဂစ်၏ ဖျက်ဆီးမှုကို ခံခဲ့ရသည့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခအတွက် စိုးရိမ်ပူပန်ကြောင်းလည်း ဖေါ်ပြထားပါသည်။
လူပေါင်း ၅ဝဝဝ ကျော် လက်မှတ် ရေးထိုးထားသည့် ဤအွန်လိုင်း ပန်ကြားချက်တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အစဉ်တစိုက် ထောက်ခံခဲ့သည့်အတွက် ဗြိတိသျှ အစိုးရကို ချီးကျူး ပြောဆိုထားပြီး၊ မြန်မာ့အရေးတွင် ကမ္ဘာ့ခေါင်းဆောင် များနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်ပါရန်နှင့် အပြောင်းအလဲအတွက် အချိန်ဇယား သတ်မှတ်ချက်နှင့် အပြောင်းအလဲ၏ စံအဆင့် သတ်မှတ်ချက်များကိုပါ ပြုလုပ်ပေးပါရန်လည်း ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကို တိုက်တွန်း ပြောဆိုထားပါသည်။
"မြန်မာနိုင်ငံတွင်း အပြောင်းအလဲများအတွက် အချိန်ဇယား သတ်မှတ်ချက်နှင့် အပြောင်းအလဲ စံအဆင့် သတ်မှတ်ချက်များ ထားရှိပေးပါရန် ဝန်ကြီးချုပ်ကို ကျွန်ုပ်တို့ တောင်းဆိုပါသည်။ တိုးတက်မှု တစုံတရာ မရှိခဲ့ပါက စစ်အစိုးရအပေါ် နိုင်ငံရေးနှင့် စီးပွါးရေး ဖိအားများ တဆင့်ပြီးတဆင့် ချမှတ်ရန် လိုပါသည်" ဟု အဆိုပါ ပန်ကြားချက်တွင် ရေးသားထားပါသည်။
ဤအတောအတွင်း မြန်မာ လူ့အခွင့်ရေး လှုပ်ရှားသူ တဦးဖြစ်သော ဇိုယာဖန်း (Zoya Phan) ကလည်း ချက်သမတ နိုင်ငံ ပရပ်ဂ်မြို့တွင် ကျင်းပသော ဖိုရမ် ၂ဝဝဝ ကွန်ဖရင့် ၁၂ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဖိနှိပ်ချုပ်ချယ် လွန်းလှသည့် အစိုးရအောက် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများကို တနင်္လာနေ့က အကျယ်တဝင့် တင်ပြဆွေးနွေးသွားခဲ့ပါသည်။
BCUK ၏ အင်တာနေရှင်နယ် ကိုသြဒီနေတာ တဦးဖြစ်သူ၊ အောက်တိုဘာ ၁၂ မှ ၁၄ အထိ ကျင်းပခဲ့သည့် ကွန်ဖရင့်ကို တက်ရောက်ခဲ့သူ ဇိုယာဖန်းက သူမအနေနှင့် မြန်မာနိုင်ငံ အခြေအနေနှင့် စပ်လျဉ်း၍ လူအများ အပြား သိရှိနားလည်လာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောပါသည်။
"မြန်မာပြည်အကြောင်း မသိတဲ့ လူတွေက အများကြီး၊ ကျမလဲ မိန့်ခွန်းပြောပြီးရော သူတို့ ကျမဆီလာပြီး ကျမတို့ တိုင်းပြည်အကြောင်း မေးကြပါတယ်" ဟု ဖန်းက ပြောသွားပါသည်။
ဖန်းသည် ချက်သမတနိုင်ငံသို့ လော်ဘီခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်ပြီး၊ ကွန်ဖရင့်တွင် တက်ရောက် စကားပြောခွင့် ရခဲ့သူတဦး ဖြစ်ပါသည်။ ဤကွန်ဖရင့်ကို တကမ္ဘာလုံးမှ သမတဟောင်းများ၊ ဝန်ကြီးချုပ်ဟောင်းများ အပါအဝင် အကြီးတန်း နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြပြီး၊ ရုရှ၊ ဇင်ဘာဘွေ နှင့် အခြား ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ ရှိနေသည့် နိုင်ငံများမှ အတိုက်အခံ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပါသည်။
"ဥရောပနိုင်ငံတွေက ပြည်သူအများစုက မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိကြဘူး၊ အစိုးရတွေကလဲ စစ်အစိုးရနဲ့တွဲပြီး စီးပွါးရေးတွေ လုပ်နေတာဘဲ။ မြန်မာပြည်သူတွေအတွက် လုံလောက်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ မပေးကြဘူး" ဟု BCUK ၏ ဒါရိုက်တာ ဖြစ်သော မာ့ခ်ဖါမေးနား (Mark Farmaner) က ပြောဆိုသွားပါသည်။
ဇိုယာဖန်းသည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတရပ် ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ခေါင်းဆောင် ကွယ်လွန်သူ ဖဒိုမန်းရှာ၏ သမီးဖြစ်ပြီး၊ မြန်မာ့အရေးအတွက် ကင်ပိန်းနှင့် လော်ဘီ လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်နေသူ ဖြစ်ပါသည်။

မဇ္ဇိမသတင်းဌာနမှတင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online