Friday, October 24, 2008

‘ကေ’ သင်္ဘောလိုင်း မြန်မာနိုင်ငံ ခရီးစဉ်များ ရပ်ဆိုင်း

ကာဝါဆာကီ ကီဆင် ကိုင်ရှာ (Kawasaki Kisen Kaisha Ltd.) ဂျပန်သင်္ဘောလိုင်း၏ ဒေသတွင်း လက်အောက်ခံ သင်္ဘောလိုင်း ဖြစ်သည့် စင်္ကာပူမှ ('K' Line Singapore Pte Ltd.) သည် မြန်မာနိုင်ငံသို့ ကွန်တိန်နာများ တင်ပို့နေသည့် လုပ်ငန်းကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပြီး၊ လာမည့်လတွင် လုံးဝ ရပ်ဆိုင်းရန် စီစဉ်ထားသည်။

‘K’ သင်္ဘောလိုင်း၏ ရန်ကုန်ဆိပ်ကမ်းသို့ ပြေးဆွဲနေသည့် လုပ်ငန်းကို လွန်ခဲ့သော ၂ လက ပထမအကြိမ် ရပ်ဆိုင်းခဲ့သည်ဟု စင်္ကာပူ ကေလိုင်း သင်္ဘောကုမ္ပဏီ၏ သင်္ဘောလိုင်း သုံးစွဲသူများနှင့် ဆက်ဆံရေးဌာန အမှုဆောင်အရာရှိက ပြောကြားသွားခဲ့ပါသည်။

ဤသို့ ရပ်ဆိုင်းရခြင်း၏ အကြောင်းရင်း အသေးစိတ်ကိုမူ အဆိုပါ အမှုဆောင်အရာရှိက ထုတ်ဖေါ် ပြောကြားသွားခြင်း မရှိပါ။

အဆိုပါ စင်္ကာပူ ကေလိုင်း သင်္ဘောကုမ္ပဏီသည် မြန်မာနိုင်ငံအပြင် မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အနောက်သြ စတြေလျ၊ တောင်အာရှနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ပါ ပြေးဆွဲနေသည့် ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီ တခု ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ကုန်သည်များ အနေနှင့် ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်း မရှိသဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာသော ကုန်တင်သင်္ဘောများသည် အပြန်ကုန်မရှိဘဲ ဗလာသက်သက် ပြန်လည် ခုတ်မောင်းသွားကြရသည်ဟု မြန်မာနိုင်ငံရှိ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များ သတင်းရပ်ကွက်မှ မဇ္ဈိမကို ပြောပြပါသည်။

“ဂျပန် ကေကွန်တိန်နာ သင်္ဘောလိုင်းက မြန်မာနိုင်ငံကို ပြေးဆွဲနေတဲ့ လုပ်ငန်းကို ရပ်ဆိုင်းဘို့ စီစဉ်ထားပြီ။ သူတို့ နောက်အကျဆုံး နိုဝင်ဘာ ၂ ရက်နေ့မှာ အပြီးသတ် ရပ်ဆိုင်းမှာဘဲ” ဟု ကုန်သည်များအတွက် သွင်းကုန်ထုတ်ကုန် ပါမစ်များ ရရှိရန် ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့မှ အေးဂျင့်တဦးက မဇ္ဈိမကို ပြောပြပါသည်။

စင်္ကာပူ ကေသင်္ဘောလိုင်း ကုမ္ပဏီ၏ အထွေထွေ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ တဦးက သူတို့ သင်္ဘောလိုင်း အနေနှင့် ကုန်တင် ကွန်တိန်များ သယ်ပို့ခြင်း ကဲ့သို့သော မြန်မာနိုင်ငံနှင့် စီးပွါးရေး ဆက်သွယ် ဆောင်ရွက်မှုများ အစောပိုင်းက ရှိခဲ့သည်ကို အတည်ပြု ပြောကြားသော်လည်း၊ ယခု ရန်ကုန်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းကို ရပ်ဆိုင်းမည့်ကိစ္စနှင့် စပ်လျဉ်း၍ တစုံတရာ ထင်မြင်ချက် ပေးခဲ့ခြင်း မရှိပါ။

“ဒါဟာ အရေးကြီးတဲ့ အကြောင်းအရာ ဖြစ်လို့ အခုလောလောဆယ်မှာ ဒါနဲ့ ပတ်သက်လို့ ဘာမှမပြောနိုင်တာ ဝမ်းနည်းပါတယ်” ဟု ကုမ္ပဏီ၏ သယ်ပို့ရေးဌာန တာဝန်ရှိသူ တဦးဖြစ်သူ ပါးလ် (Pal) က ပြောကြားသွားခဲ့ပါသည်။

ဤသို့ သင်္ဘောတင်လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်း၏ အကြောင်းရင်းကို မသိရသေးသော်လည်း လတ်တလော ကမ္ဘာ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့်လည်း တစိတ်တပိုင်းအားဖြင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ စီးပွါးရေး ပညာရှင်တဦးက ခန့်မှန်း တွက်ဆ ပြောကြားခဲ့ပါသည်။ ယင်းသို့ ထိခိုက်မှုသည် နောက်ထပ်လည်း ကြီးထွားလာလိမ့်ဦးမည် ဖြစ်ကြောင်း ကိုလည်း အဆိုပါ စီးပွါးရေးပညာရှင်က ခန့်မှန်း ပြောကြားခဲ့ပါသည်။

ကေသင်္ဘောလိုင်းသည် ဂျပန်ကာဝါဆာကီ သင်္ဘောလိုင်း၏ ဒေသတွင်း လိုင်းတခုအနေဖြင့် ၁၉၈၈ ခုနှစ် ကတည်းက ရန် ကုန်ဆိပ်ကမ်းသို့ ကွန်တိန်နာများ၊ ကားတင်သင်္ဘောများ၊ ရေနံတင်သင်္ဘောများ နှင့် ဝမ်းတွင်း ကုန်တင်သင်္ဘောများဖြင့် ပြေးဆွဲနေခဲ့ပါသည်။ ကေလိုင်း သင်္ဘောကုမ္ပဏီသည် မိခင်ကုမ္ပဏီကိုယ်စား ကုန်သွယ်ရေး စီမံခန့်ခွဲမှု၊ အထွေထွေ သင်္ဘော ကုန်တင်လုပ်ငန်းများနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုလည်း ရန်ကုန်မြို့တွင် ဆောင်ရွက်ပေးခဲ့ပါသည်။

0 Comments:

blogger templates | Make Money Online