Thursday, October 9, 2008

အခွန်မဲ့ပစ္စည်းတင် ကား ၉ စီး တရုတ်နယ်စပ်မှာ အဖမ်းခံရ

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်-ဗန်းမော် ကုန်သွယ်ရေးလမ်းမှ အကောက်ခွန်မဲ့ တရုတ်ကုန်ပစ္စည်း တင်လာသည့် ကား ၉ စီးအား ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ရဲများက လွန်ခဲ့သည့် နှစ်ရက်က ဖမ်းဆီးခဲ့သည်။
တရုတ်နိုင်ငံဘက်မှ အင်ဂျင်ဝိုင်၊ ဆိုင်ကယ်၊ အိမ်ဆောက်သံနှင့် စားသုံးကုန်များ တင်ဆာင်ကာ လွယ်ဂျယ်မြို့မှ ကချင်ပြည်နယ် ဗန်းမော်သို့ မောင်းနှင်နေစဉ် မိုးမောက်မြို့နယ်အတွင်းရှိ စိန်လုံကမ္ဘာ ရဲစခန်းက ကား ၉ စီးအား ယခုလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဗန်းမော်နဲ့ လွယ်ဂျယ်က ကားတွေ အများဆုံးပါတယ်။ မှန်လုံက ၁ စီး၊ ဂျစ်ကားက ၁ စီး၊ ဟိုင်းလပ်စ်ကားက ၇ စီးပေါ့။ ခရီးသည်တင်ကားတွေပါပဲ။ အောက်မှာ ကုန်ပစ္စည်းတင်အပေါ်မှာ ခရီးသည်တင်ပြီး သွားကြတာ။ လမ်းတဝက်မှာ စိန်လုံရွာ ရဲစခန်းက ဖမ်းတာ။ စားသောက်ကုန်က မုန့်ပဲသွားရေစာတွေ ပါတယ်၊ သကြားပါတယ်။ ပိုင်ရှင်တွေကတော့ တချို့ကုန်က ကားဒရိုင်ဘာတွေ ပိုင်တာ၊ ကုန်သည်တွေ ပိုင်တာလည်း ပါတယ်” ဟု ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။
ကားများကို ထိုနေ့ညနေ ၄ နာရီခွဲခန့်က ဗန်းမော်မြို့နယ် အကောက်ခွန်ရုံးသို့ မောင်းနှင် ခေါ်ဆောင်သွားပြီး ယာဉ်မောင်းများကိုလည်း ဗန်းမော် ရဲစခန်းအချုပ်၌ ဖမ်းဆီးထားခဲ့ကြောင်းနှင့် ယနေ့ နေ့လယ်ပိုင်းတွင် ရဲစခန်းမှ ယာဉ်မောင်းအားလုံးကို ဒဏ်ငွေများရိုက်ပြီး ကားရောယာဉ်ပါ ပြန်လွှတ်ပေးခဲ့ကြောင်း အဖမ်းခံခဲ့ရသည့် ဗန်းမော်ကားသမား မိသားစုဝင်တဦးက ပြောသည်။
“ဗန်းမော် ရဲစခန်းအချုပ်က ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးတာ။ ဒဏ်ငွေဘယ်လောက် ရိုက်လိုက်တယ် ဆိုတာတော့ သူကိုယ်တိုင်လည်း မပြောပြလို့ မသိသေးဘူး။ ဖမ်းထားတဲ့ ကားရောလူပါ အားလုံး ပြန်လွှတ်ပေးတယ်။ ပစ္စည်းတွေတော့ အကုန်သိမ်းသွားတယ်။ ခါတိုင်းက ပစ္စည်း ၁ဝ ခုပါရင် ၃ ခု ဂျူတီဆောင်တယ်။ အခုက အထက်က သိလို့ထင်တယ်။ မဆောင်ခင် ဖမ်းလိုက်တယ်။ ပစ္စည်းက အကုန်သိမ်းတယ်” ဟု အဆိုပါ မိသားစုဝင်က ပြောသည်။
ကားများပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၃ဝဝ ခန့် ရှိကြောင်း ကုန်သည် အသိုင်းအဝိုင်းက ခန့်မှန်းကြသည်။
“ဒီလမ်းကြောက ဝန်ထမ်းတွေ တကယ့် ငွေတွင်းပဲ။ အဖမ်းအဆီး မရှိသလောက်ဘဲ။ မှောင်ခို အကုန်ထွက်တယ်။ ထော်လာဂျီ စက်ပစ္စည်း၊ လိုင်စင်မဲ့ကားကအစ ဒီလမ်းက သွားတယ်။ အခုဖမ်းတာက အကြီးမားဆုံးပဲ။ ဘာကြောင့်ဖမ်းလဲတော့ မသိဘူး။ ကြပ်တာက မူဆယ်လမ်းကြော။ အစစ်အဆေးလည်း များတယ်” ဟု ကုန်သည်တဦးက ဆိုသည်။
အချက်အလက်အချို့ သိရှိရန်အတွက် ဗန်းမော်ရဲစခန်းနှင့် အကောက်ခွန်ရုံးသို့ ဖုန်းဆက်သွယ်၍ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်မရသေးပါ။

0 Comments:

blogger templates | Make Money Online