Tuesday, October 21, 2008

တွေ့ဆုံဆွေးနွေးရေးလမ်းစရှာရန် စစ်အစိုးရနှင့်အန်အယ်လ်ဒီကိုကုလတိုက်တွန်း

မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးရေး တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်းနှင့် တွေ့ဆုံ ဆွေးနွေးရေးမှလွဲပြီး အခြားနည်းလမ်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးအခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းသည့် အစီရင်ခံစာ၌ မစ္စတာဘန်ကီမွန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

၎င်းက “ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် စစ်မှန်တဲ့အခြားနည်းလမ်းမရှိပါဘူး။ ခုချိန်ဟာ အစိုးရနဲ့ အတိုက်ခံအတွက် တဦးနဲ့တဦး တွေ့ဆုံဆွေးနွေးဖို့ကို နည်းလမ်းတွေရှာရမယ့် အချိန်ဖြစ် တယ်။ ပြီးတော့ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အတူတကွအလုပ်လုပ်ရမယ့်အချိန်ဖြစ်တယ်” ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ တခြားနည်းလမ်းမရှိကြောင်းနှင့် တိုင်းပြည်အနာဂတ်အတွက် သက်ဆိုင်သူအားလုံးပါဝင်ဆောင်ရွက်နိုင် ကြောင်း၊ အားလုံးပါဝင်၍ အခြေအမြစ်ရှိပြီး အချိန်ကန့်သတ်ချက်ရှိသည့် တွေ့ဆုံဆွေးနွေးရေး ပြန်စတင်ရန်လိုကြောင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အဓိကကျသည်ဟုလည်း အတွင်းရေးမှူးချုပ်က ပြောကြားသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ မျှော်မှန်းချက်များကို မြန်မာစစ်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးသဖြင့် စိတ်ပျက်မိသည်ဟု အတွင်းရေးမှူးချုပ်က သူ၏ အစီရင်ခံစာ၌ ရေးသားထားသည်။
မြန်မာနိုင်ငံ၏အနာဂတ်သည် အစိုးရနှင့်မြန်မာလူထုအပေါ်တွင်မူတည်သည်၊ ကုလသမဂ္ဂ၏အခန်းကဏ္ဍသည် အားလုံးလက်ခံသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး အတူတကွ ဆောင်ရွက်နိုင်ရန် သက်ဆိုင်သူများအားလုံးနှင့် ညှိနှိုင်းပေးခြင်းသာဖြစ်သည်ဟုလည်း ဘန်ကီမွန်းက ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အကြံဥာဏ်ပေးချက်ကို ကြိုဆိုကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး တဆင့်တက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အကြံဉာဏ်ပေးချက်ကို ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့က ဒိုင်ယာလော့လုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ၀န်ကြီးကနေတဆင့် ဆောင်ရွက်နေပါတယ်။ အဲဒီကနေ နောက်တဆင့်တက်ပြီးတော့ ဆောင်ရွက်ဖို့ တင်ပြနေတာ နှစ်ဝက်လောက်ရှိနေပြီ၊ ဖြစ်မလာသေးဘူး။ ကျနော်တို့ အခုအချိန်မှာ တွေ့ဆုံဆွေးနွေးရေး အရမ်းမျှော်လင့် တယ်လို့မပြောချင်သလို မဖြစ်နိုင်တော့ဘူးလို့လည်း မပြောချင်ပါဘူး။ ဒီဥစ္စာနဲ့ပတ်သက်ပြီး မျှော်လည်းမျှော်လင့်တယ်၊ ကြိုးစားထိုက်တဲ့ဟာတွေလည်းကျနော်တို့ ကြိုးစားနေပါတယ်” ဟုပြောကြားသည်။
နအဖစစ်အစိုးရကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို အတည်ပြုပြီးဖြစ်၍ မူဝါဒလမ်းညွှန် (၇) ရပ်အတိုင်း ဆက် လုပ်ရန်မှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ၂၀၁၀ ပြည့်၌ ရွေးကောက်ပွဲ ကျင်းပရန် အားထုတ်ဆောင်ရွက်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှု သည်လည်း ယမန်နှစ် နိုဝင်ဘာလ နောက်ဆုံးတွေ့ဆုံပြီးကတည်းက ထပ်မံတွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

0 Comments:

blogger templates | Make Money Online