တရုတ်-မြန်မာ ဒေသအာဏာပိုင်များ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပလေ့ရှိသည့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ပွဲတော်ကို ယမန်နေ့က စတင်ကျင်းပနေပြီဖြစ်သည်။
ယခုပွဲတော်ကို ရှမ်းပြည်နယ် မူဆယ်မြို့နှင့် မျက်နှာချင်းဆိုင် တဘက်ကမ်းရှိ ရွေလီမြစ်ကမ်းဘေး၌ နှစ်စဉ်နှစ်တိုင်း မေလဆန်းတွင် ပုံမှန်ကျင်းပခဲ့သော်လည်း ယခုနှစ် အဌမအကြိမ်မြောက် ပွဲတော်ကိုမူ ယခုလ ၃ ရက်နေ့မှ ၅ ရက်နေ့သို့ ပြောင်းလဲကျင်းပနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် ဥပဒေအရ တရားဝင် ရက်ရှည်ရုံးပိတ်ရက်အဖြစ် သတ်မှတ်သော တရုတ်နှစ်သစ်ကူး မေဒေးနေ့ကို ယခုနှစ်တွင် ကျင်းပသည့် တရုတ်ပြည်သူ့ ကိုယ်စားလှယ်များ ညီလာခံက ရက်လျှော့ချပြီး တရက်သာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သဖြင့် အများပြည်သူ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်စေရန် အောက်တိုဘာလ ၁ ရက်နေ့ကဲ့သို့ ရွှေဝါရောင် သတင်းပိတ်ရက်များသို့ ရက်ရွှေ့ပြောင်းကာ ယခုလို ကျင်းပရခြင်းဖြစ်သည်ဟု တရုတ်ရေးရာ ကျွမ်းကျင်သူတဦးက မဇ္ဈိမကို ရှင်းပြသည်။
နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအပြင် တရုတ်နိုင်ငံ၏ ရွှေဝါရောင်သတင်းပတ် ရုံးပိတ်ရက်များအတွင်း ခရီးသွားလာရေးလုပ်ငန်းအား ဆွဲဆောင်သည့်အနေဖြင့် တရုတ်အာဏာပိုင်များက ပွဲတော်အတွက် ငွေကြေးစိုက်ထုတ်ပေးကာ ရွှေလီနှင့် မူဆယ်မြို့ နှစ်ဖက် အာဏာပိုင်များက ပူးပေါင်းကျင်းပစေသည်။
ယမန်နေ့ ည ၇ နာရီက ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တယ်ဟုန်ခရိုင် အာဏာပိုင်များနှင့် မူဆယ်ခရိုင် ဥက္ကဋ္ဌတို့ တက်ရောက်ကာ နှစ်နိုင်ငံအလံတင်ပြီး ဖွင့်လှစ်ပေးခဲ့သည်။
ပွဲတော်တွင် နွားလှည်းယာဉ် အလှပြိုင်ပွဲ၊ ရွှေလီမြစ် အလှမယ်ရွေးပွဲ၊ တိုင်းရင်းသားရိုးရာ ဝတ်စုံဝတ်ပြိုင်ပွဲများနှင့် အားကစားပွဲများကို အစဉ်အလာမပျက် ကျင်းပနေခြင်းဖြစ်သော်လည်း ယခင်နှစ်များလောက် စည်ကားမှု မရှိပါ။
ယခုနှစ်တွင် ဂေါက်သီးရိုက်ပြိုင်ပွဲ အစီအစဉ်သစ် ပါဝင်ပြီး ယခင်နှစ်များက အလှပြလှည်းယာဉ် အစီးရေ ၅ဝ ကျော် ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် ၁၃ စီးသာ ပါဝင်သည်။
၂ဝဝ၃ ခုနှစ်အတွင်းက တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော SARC ရောဂါကြောင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ပျော်ရွှင်မှုပွဲတော်ကို မကျင်းနိုင်ခဲ့ပေ။
Saturday, October 4, 2008
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ပွဲတော် ကျင်းပနေ
Posted by Sanghaalliance at 10:12 PM
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment